ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်မည့် ကျပ် ၄ ဒသမ ၉၄၅ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ မန္တလေးမြို့၌ ဖမ်းဆီးရမိကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A)လမ်းရှိ ဂိုဒေါင်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ဆာဦးနှင့် မိုင်းအိုက်ကျင်တို့ နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီ ၉ ရက် ည ၈ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ အေလမ်းနှင့် ၁၁၅ လမ်းထောင့်နေ လှသိန်းအား ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၄ ဒသမ ၉၄၅ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်း၊ ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။