အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ပထမဆုံး အိမ်ရှင်ကျင်းပခွင့်နှင့် ၁၂ နှစ်အကြာတွင် ဆီမီးဖိုင်နယ်သို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ပထမဆုံး အိမ်ရှင်ကျင်းပခွင့်နှင့် ၁၂ နှစ်အကြာတွင် ဆီမီးဖိုင်နယ်သို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း
Published 25 December 2016

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စုအဆင့်ကို ကျော်လွန်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှု မရသေးသည့် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယခုပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ပြီး ၁၂ နှစ်အကြာမှ အုပ်စုအဆင့် ကျော်လွန်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၆ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဏတွင် ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပခွင့်ရသည့် ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ပြိုင်ပွဲမတိုင်မီ ဥရောပနိုင်ငံများသို့ သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရာ ငွေကြေးများစွာ ကုန်ကျခဲ့မှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းအတွက် ယင်းခရီးစဉ် အတွေ့အကြုံက အထောက်အကူ ဖြစ်စေခဲ့သည်။ ထို့ပြင် ဥရောပ ခရီးစဉ်အတွင်း အဓိက ကစားသမား ကျော်ကိုကို အပါအဝင် တောင်ပံကစားသမား သီဟဇော်တို့ နှစ်ဦးကို ပြန်လည်စေလွှတ်ခဲ့မှု၊ ပြိုင်ပွဲမတိုင်မီ ကစားခဲ့သည့် ခြေစမ်းပွဲနှစ်ပွဲတွင် အင်ဒိုနီးရှား၊ အိုမန်အသင်းတို့နှင့် ခြေစမ်းပွဲများတွင် ခြေစွမ်းမပြနိုင်ဘဲ နိုင်ပွဲ ပျောက်ဆုံးခဲ့မှုများကြောင့် နည်းပြ ဂတ်ဖရိုင်းဒရစ်နှင့် အသင်းသားများမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပြိုင်ပွဲကာလတွင်  ရလဒ်ကောင်းများ ရယူပြီး ဝေဖန်မှုများကို တိတ်ဆိတ်စေခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား အသင်းတို့နှင့်အတူ ပါဝင်ခဲ့ပြီး အဖွင့်ပွဲတွင် ဗီယက်နမ် အသင်းကို (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်း၏ လူငယ်တိုက်စစ်မှုူး အောင်သူက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သော်လည်း ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့် လီကောင်ဗင်၏ ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်းအတွက် ကမ္ဘောဒီးယားအသင်းနှင့် ဒုတိယပွဲမှာ အဆုံးအဖြတ် ဖြစ်လာခဲ့သည်။ ပွဲအစတွင် ဂိုးပေးလိုက်ရသော်လည်း နောက်ခံလူ ဇော်မင်းထွန်းက ခေါင်းတိုက် ဂိုးနှစ်ဂိုး ပြန်သွင်းခဲ့ပြီး တိုက်စစ်မှူး အောင်သူက အနိုင်ဂိုးတစ်ဂိုး သွင်းယူကာ (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားသည့် မြန်မာအသင်းအတွက် မလေးရှားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲမှာ အဆုံးအဖြတ် ဖြစ်လာခဲ့ပြီး တောင်ပံကစားသမား ဒေးဗစ်ဒန်း၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
၁၂ နှစ်အကြာတွင် ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းသည် လက်ရှိ ချန်ပီယံ ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ပထမ အကျော့အိမ်ကွင်းတွင် (၂-ဝ) ဂိုး၊ ဒုတိယ အကျော့ အဝေးကွင်းတွင် (၄-ဝ) ဂိုးတို့ဖြင့် ရှုံးနိမ့်ကာ ပူးတွဲတတိယဆုနှင့် ကျေနပ်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့သော်လည်း နာမည်ကြီး ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့သောကြောင့် ခြေစွမ်းပိုင်းအရ ယှဉ်ကစားနိုင်ခြင်း မရှိဘဲ နှစ်ကျော့စလုံး ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ မြန်မာ ယူ-၂၀ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဂျာမန်လူမျိုး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် မြန်မာ့လက်ရွေးစင် အသင်းကို စတင်ကိုင်တွယ်ရာတွင် ဆူဇူကီးဖလားပြိုင်ပွဲ၌  နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ဆီမီးဖိုင်နယ် အဆင့်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအနက် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး လူငယ်တိုက်စစ်မှူး အောင်သူနှင့် ဝါရင့်နောက်ခံလူ ဇော်မင်းထွန်းတို့မှာ အားကစားဝက်ဘ်ဆိုက်များမှ ရွေးချယ်သည့် ဆူဇူကီးဖလားပြိုင်ပွဲ၏ နေရာအလိုက် အကောင်းဆုံးဆု ပဏာမစာရင်းတွင် ပါဝင်ခဲ့ပြီး အောင်သူသည် Goal.com မှ ရွေးချယ်သည့် လူငယ်အကောင်းဆုံးအဖြစ် ရွေးချယ်ခံခဲ့ရသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ယခုပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိသော်လည်း တစ်ပွဲထက်တစ်ပွဲ ပိုကောင်းအောင် ကစားနိုင်ခဲ့သည့်အပြင် ထိုက်သင့်သည့် ခြေစွမ်းကြောင့် ၁၂ နှစ်ကြာ ဝေးကွာနေသည့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent