အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိသေးသည့် စိန်ခေါ်မှုများစွာဖြင့် မူးယစ်ဆေးဝါး ပြဿနာ

အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိသေးသည့် စိန်ခေါ်မှုများစွာဖြင့် မူးယစ်ဆေးဝါး ပြဿနာ
မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းအတွင်းမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိစဉ်
မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းအတွင်းမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိစဉ်
Published 25 December 2016
ရှိုင်းလင်းအောင်

ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံ အနေဖြင့် ခေါင်းခဲစရာ အချက်များထဲမှ မူးယစ်ဆေးဝါး ပြဿနာ မှာ တစ်ခုအပါအဝင် ဖြစ်နေသည်။ ကျပ်ဘီလျံနှင့်ချီ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိလျက် ရှိရာ အဆိုပါ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရန်အတွက် လက်ရှိ အစိုးရ လက်ထက်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဖမ်းဆီးခဲ့သော်လည်း မူးယစ်ဆေးဝါး ပြဿနာ ကို အမြစ်ပြတ် ရှင်းလင်းနိုင်ခြင်း မရှိခဲ့ပေ။
၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ပြဿနာသည် များစွာ ကျယ်ပြန်ခဲ့ပြီး ရန်ကုန်၊ မန္တလေး စသည့် လူဦးရေ ထူထပ်သည့် နေရာများ၌ပင် ကျပ်ဘီလျံနှင့် ချီသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိနေသည်။ ထို့အတွက် ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
မူးယစ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းဇယားများအရ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ တစ်နိုင်ငံလုံးတွင် အမှုပေါင်း ၆၇၀၀ ကျော် ဖမ်းမိသည့်အနက် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ၃၅၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဘိန်းဖြူ  ၂၃၀၀ ကျော်၊ ဘိန်း ၂၇၀ ကျော်၊ ဆေးခြောက်မှု ၂၀၀ ကျော် အပါအဝင် အခြားမူးယစ်ဆေးဝါးမှု ၆၇၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးများထဲတွင် စိတ်ကြွရူးသွပ်ဆေးပြားသည် အခြား မူးယစ်ဆေးဝါးများထက် ထုတ်လုပ်ရာတွင် ပိုမို လွယ်ကူပြီး နေအိမ်တိုက်ခန်း အတွင်းမှာပင် စက်ဖြင့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ စိတ်ကြွဆေးပြားသည် ကျပ်ထောင်ဂဏန်း ရှိရုံဖြင့် ဝယ်ယူနိုင်ကြောင်း သိရပြီး ၎င်း၏ ပေါက်ဈေးမှာ ကျပ် ၂၀၀၀ မှ ၅၀၀၀ ကြား ရှိကြောင်း သိရသည်။ စိတ်ကြွရူးသွပ်ဆေးပြားသည် အခြား မူးယစ်ဆေးဝါးများထက် ဈေးနှုန်း ပိုမိုချိုသာသည့်အတွက် သုံးစွဲမှု များနေပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများထဲတွင် စိတ်ကြွဆေးပြားသည် အများဆုံး ဖမ်းမိသည့် မူးယစ်ဆေးဝါး ဖြစ်နေသည်။
လူကြီး၊ လူငယ်၊ ကျား/မ မရွေး မူးယစ်ဆေးဝါး၏ သားကောင် အဖြစ်သို့ ရောက်ရှိနေပြီး အသက်အရွယ် အပိုင်းအခြားထဲတွင် အသက် ၂၁ နှစ်မှ ၃၀ နှစ်ကြား လူငယ်များ အများစု ဖြစ်နေသည်။ လူငယ်များသည် WY ဟုခေါ်သည့် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှု ပိုမို များပြားပြီး အပေါင်းအသင်း မိတ်ဆွေများ၏ တိုက်တွန်းမှုများ၊ လက်တည့်စမ်း သုံးစွဲခြင်းများကြောင့် လူငယ်များ မူးယစ်ဆေးဝါး ပြဿနာတွင် အများဆုံး ပါဝင်ပတ်သက်နေသူများ ဖြစ်ကြောင်း သိရသည်။
“မူးယစ်ဆေးဝါး ဆိုတာက သုံးစွဲပြီးရင် ဖြတ်ဖို့ ခက်တယ်။ ဒီဟာကို မစွန့်လွှတ်နိုင်သေးသရွေ့ လူကောင်း၊ သူကောင်း ဘဝကို ဘယ်လိုမှ မရောက်နိုင်ဘူး” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ရွှေညာမောင်က သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အများအပြားကို ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် နယ်စပ်ထွက်ပေါက်နှင့် နီးကပ်နေသည့် နေရာများတွင် ဖမ်းဆီးရမိမှု ပိုများခဲ့သည်။ ၂၀၁၆ ခုနှစ် မေ ၂၈ ရက် ညပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်-ကောင်းခါးလမ်းပေါ်တွင် ၁၂ ဘီး ယာဉ်တစ်စီးအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀ ဒသမ ၅ သိန်း၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၄၂၁,၀၀၀ (ကျပ် ၄၂ ဘီလျံကျော်) တန်ဖိုးရှိ ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့သည် မြန်မာနိုင်ငံ အနောက်ဘက် မူးယစ်ဆေးဝါး လမ်းကြောင်း၏ အဆုံးနေရာ ဖြစ်နေပြီး ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုများစွာ ဖမ်းဆီးရမိခဲ့သည်။ စက်တင်ဘာ ၁၇ ရက်တွင် မောင်တော၊ ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းခွင်အတွင်း သဲကားတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်း ရှစ်သောင်းကျော် (တန်ဖိုးကျပ်သိန်း ပေါင်း ၁၃၀၀၀ ကျော်) အား ဖမ်းဆီး ရမိခဲ့ပြီး ယင်းဖမ်းဆီးရမိမှု၏ ကွင်းဆက်အဖြစ် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းအတွင်းမှ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ကျပ်သိန်းပေါင်း ၂၄၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၂၃၃၀၈၀ ပြား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးမှုများတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပါဝင် ပတ်သက်နေသည့် အမှုတစ်ခုမှာ သြဂုတ် ၃၁ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့တွင် လမ်းဘေး ဓာတ်တိုင်ကို တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုတွင် ကားထဲမှ ကျပ်သိန်းငါးထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၃၀၀၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် မောင်တောမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦး ပါဝင် ပတ်သက်နေသည်ဟု သိရသည်။ ယင်းအမှု၏ ကွင်းဆက်အဖြစ် မောင်တောမြို့နယ် လသာကျေးရွာတွင် ဘင်္ဂါလီ နေအိမ်တစ်လုံးမှ ကျပ်သိန်း ၉၀၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြား လေးသိန်းကျော် ထပ်မံ ဖမ်းဆီး ရမိခဲ့သည်။ ထိုသို့ မူးယစ်ဆေးဝါးမှုတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပါဝင် ပတ်သက်မှုသည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းတွင် အဟန့်အတား တစ်ခု ဖြစ်နေပြီး အခြား မူးယစ်ဆေးဝါးမှုများတွင်လည်း ရဲတပ်ဖွဲ့ဝင် မည်မျှ ပါဝင် ပတ်သက်နေသည်ကို တိတိကျကျ မပြောနိုင်ပေ။
မူးယစ်ဆေးဝါး မှုများသည် နယ်စပ် ထွက်ပေါက်နှင့် နီးကပ်သည့် ဒေသများတွင် ဖမ်းဆီး ရမိမှု ပိုများသကဲ့သို့ ရန်ကုန်၊ မန္တလေး စသည့် လူဦးရေ ထူထပ် များပြားသည့် နေရာများတွင် တန်ဖိုး ကျပ်ဘီလျံနှင့်ချီ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိမှုများလည်း ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် ရွှေနံ့သာကျေးရွာ အုပ်စု မေတ္တာလမ်းသွယ် (၃) လမ်းရှိ နေအိမ် တစ်အိမ်သို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်တွင် သတင်းအရ ဝင်ရောက် စုံစမ်းရှာဖွေခဲ့ရာ ယင်းနေအိမ်အတွင်း WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်ဆယ့်လေးသိန်း ခြောက်သောင်းခြောက်ထောင့် လေးရာပြား (၂၄၆၆၄၀၀) နှင့် ဘိန်းဖြူ ၆၈၅ ဂရမ်တို့ကို သိမ်းဆည်း ရမိခဲ့သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး၏ တန်ဖိုးငွေမှာ ကာလပေါက်ဈေးအားဖြင့် ကျပ်သိန်းပေါင်း ရှစ်သိန်းခြောက်သောင်း တန်ဖိုးကျော် (ကျပ်ငွေ ၈၆ ဘီလျံကျော် အထိ) ရှိနေပြီး မူးယစ်ဆေးဝါး စံချိန်တင် ဖမ်းဆီးရမိမှုထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်း၊ စံပြလမ်းနှင့် မင်္ဂလာလမ်းကြားရှိ ခြံတစ်ခု အတွင်း မတ် ၅ ရက်က ကွန်တိန်နာယာဉ် အတွင်းမှ စိတ်ကြွဆေးပြားများ အပါအဝင် ကာလတန်ဖိုး ကျပ်ဘီလျံ ၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သော သူများသည် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းအပြင် လေယာဉ်များပေါ်သို့ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်လာကြသည်။ မူးယစ်ဆေးဝါး သယ်ဆောင်သူများသည် လုံခြုံရေး တင်းကျပ်သော လမ်းကြောင်းများကို ရှောင်ရှား၍ လုံခြုံရေး လျော့ရဲသည့် လမ်းကြောင်းများ၊ လမ်းကြောင်း အသစ်များဖြင့် သယ်ဆောင်ခြင်းများ ရှိနေသည်။
မူးယစ်ဆေးဝါး၏ ပြည်တွင်း ဈေးကွက်မှာ ရွှေမိုင်း၊ ကျောက်မိုင်း စသည့် တွင်းထွက်ပစ္စည်းများ ထွက်သည့် ဒေသများ၊ လူနေထူထပ် များပြားသည့် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် ဈေးကွက်ရှိနေပြီး ပြည်ပဈေးကွက်များမှာ တရုတ်၊ ထိုင်း၊ လာအို၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ယင်းနိုင်ငံများမှ တစ်ဆင့် အခြားနိုင်ငံများသို့ ရောင်းဝယ်သည့် လမ်းကြောင်းများ ရှိနေသည်။
မူးယစ်ဆေးဝါး အများအပြား ထွက်ရှိသည့် နယ်မြေဒေသများသို့ သွားရောက်နှိမ်နင်းရန် လက်ရှိတွင် မဖြစ်နိုင်သေးဘဲ အဆိုပါ နယ်မြေများအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့၏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မူးယစ်ဆေးဝါး ပြဿနာသည် အမြစ်ပြတ် ဖြေရှင်းရန် လွန်စွာ ခက်ခဲနေသည်။
၂၀၁၆ ခုနှစ်အတွင်း ကျပ်ဘီလျံနှင့် ချီသော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများအား သက်တမ်းတစ်နှစ် မပြည့်သေးသည့် ရွေးကောက်ခံ အစိုးရ အနေဖြင့် ၂၀၁၇ ခုနှစ် နှစ်သစ်တွင် မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး လူသားမျိုးနွယ် အညွန့်တုံးစေသည့် မူးယစ်ဆေးဝါး ပြဿနာ ကို အမြစ်ပြတ် ဖြေရှင်းရန်မှာ လက်ရှိ အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

Most Read

Most Recent