မြောက်ဒဂုံမြို့နယ်တွင် အငှားယာဉ်မောင်းထံမှ ဖုန်းလုယက်သည့် လူငယ်နှစ်ဦးကို သက်ဆိုင်ရာ ဒဂုံမြောက်ပိုင်းမြို့မရဲစခန်း ရဲတာဝန်ရှိသူများ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင် ဘာ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဒလမြို့နယ်နေ ကို.... သည် အငှားယာဉ်အား မောင်းနှင်လာခဲ့ရာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၆ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်း အရောက်တွင် အိပ်ငိုက်လာ၍ ကားအား လမ်းနံဘေးတွင် ခေတ္တရပ်နားနေခဲ့ကြောင်း သိရသည်။
ထိုသို့ ကားရပ်နား၍ နားနေစဉ် အနီးသို့ လူငယ်နှစ်ဦး ရောက်ရှိလာပြီး “ကားအားလား”ဟု မေးမြန်းကာ ယာဉ်၏ ဒိုင်ခွက်ပေါ်တွင် တင်ထားသည့် ကို.... ၏ Huawei G 730 အမျိုးအစား လက်ကိုင်ဖုန်းကို ယူဆောင်ကာ ထွက်ပြေးသွားကြသဖြင့် ကို....မှ ရဲစခန်းသို့ ဖုန်းဆက်ကာ အကြောင်းကြားခဲ့ကြောင်း သိရသည်။
အဆိုပါကဲ့သို့ အကြောင်းကြားသဖြင့် သက်ဆိုင်ရာ ဒဂုံမြောက်မြို့မရဲစခန်း ရဲတာဝန်ရှိသူက လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ပြီး ဖုန်းလုယက် ယူဆောင်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၁ ရပ်ကွက် ရာဇဓိရာဇ်လမ်းနှင့် ဦးပြုံးချို လမ်းထောင့်တွင် မြောက်ဥက္ကလာပမြို့နယ်နေ မျိုးဇော်ထွန်း (၂၅ နှစ်) နှင့် မရမ်းကုန်းမြို့နယ်နေ သီဟအောင် (၂၆ နှစ်) တို့ကို လုယက်သွားသည့် လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦးကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်းက (ပ) ၂၁၈၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး အခြားအမှုများ ကျူးလွန်ခြင်း ရှိ၊ မရှိ ဆက်လက် စစ်ဆေးလျက်ရှိသည်။
မြောက်ဒဂုံမြို့နယ်တွင် အငှားယာဉ်မောင်းထံမှ ဖုန်းလုယက်သည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ
Most Read
Most Recent
23 min ago