စစ်တွေမြို့တွင် ကွာရှင်းထားသော ဇနီးဟောင်းအား ဓားဖြင့်ထိုးကာ မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးမှု နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးအား ဆေးရုံတင် ကုသမှု ခံယူထားရကြောင်း သိရသည်။ဖြစ်စဉ်မှာ ဦးရွှေစံ (၃၀ နှစ်) ခန့်မှ တရားဝင် ကွာရှင်းပြတ်စဲထားသော ဇနီးဖြစ်သူ နောက်အိမ်ထောင် ပြုတော့မည်ဟု သိရသဖြင့် စိတ်မထိန်းနိုင်ဘဲ ဇနီးဖြစ်သူအား ကုန်သည်လမ်းရှိ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကာ ယင်းနောက် မိမိကိုယ်ကိုယ် ဓားဖြင့် တစ်ချက်ထိုးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့မ ရဲစခန်းမှ သိရသည်။ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မ ရဲစခန်းမှ စခန်းမှူးက “ဇနီးဖြစ်သူက ရှေ့နေပါ၊ သူက တရားဝင် ကွာရှင်းထားတယ်။ ယောက်ျား ဖြစ်သူက ကာယိန္ဒြေပျက်အောင် လုပ်တယ် ဆိုပြီး တရားဝင် ကွာရှင်းထားတယ်။ ကျွန်တော်တို့ ဆီမှာလည်း တိုင်ချက်ဖွင့်ထားတယ်။ ဒါပေမဲ့ ဦးရွှေစံကတော့ မပြတ်နိုင်ဘူးလို့ ယူဆတယ်။ ဇနီးက နောက်အိမ်ထောင်ပြုမယ်လို့ ပြောသံကြားတော့ အခုလိုမျိုး လုပ်လိုက်တာလို့ သူက ထွက်ဆိုတယ်။ နှစ်ဦးစလုံးက စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဦးရွှေစံကတော့ ကိုယ့်ကိုယ်ကိုယ် တစ်ချက်ထိုးတဲ့ ဒဏ်ရာ တွေ့တယ်။ သူပြောတာတော့ စွဲထားတဲ့ အမှုကို ပြန်မရုပ်သိမ်းပေးလို့ အခုလို ထိုးတာလို့တော့ ပြောတယ်။ အဲဒါက သူပြောပြတာပေါ့။ အမျိုးသမီးမှာ ဒဏ်ရာ ၁၄ ချက်လောက် ရတယ်။ အခြေအနေကိုတော့ ဆရာဝန်က ပိုသိနိုင်မှာပါ” ဟု ပြောကြားသည်။အဆိုပါ အမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့မ ရဲစခန်းက ဦးရွှေစံအား ဓားဖြင့်ထိုးမှု ပုဒ်မ ၃၂၆/၃၀၇/၃၅၄ တို့ဖြင့် လည်းကောင်း၊ မိမိကိုယ်ကိုယ် သေကြောင်းကြံမှုဖြင့် ၃၀၉ အရ အမှုဖွင့်ထားကြောင်း သိရသည်။
စစ်တွေတွင် ကွာရှင်းထားသော ဇနီးဟောင်းအား ဓားဖြင့်ထိုးကာ မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးမှု ဖြစ်ပွား