ကြားဖြတ်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ NLD ထုတ်ပြန်

ကြားဖြတ်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ NLD ထုတ်ပြန်
Published 27 November 2016
ငြိမ်းဇော်လင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဦးဝင်းမင်း၊ ကော့မှူးမြို့နယ်တွင် ဦးကျော်ဆွေဝင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဦးနေကျော်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဦးမြစိန်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဦးညွန့်အောင်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဦးအေးဝင်း၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဦးဇော်ဝင်းမြင့်၊ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင် စိုင်းအွမ်ခမ်း၊ မိုင်းရှူးမြို့နယ်တွင် ဦးဝင်းနိုင်တို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ လစ်လပ်မဲဆန္ဒနယ်များ ဖြစ်သည့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) တွင် ဒေါ်စန်းစန်း မြင့်၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)တွင် ဦးဘွဲ့ခိန်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး၊ လစ်လပ်ပြည်နယ် မဲဆန္ဒနယ်များဖြစ်သည့် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးလွီးဇီ၊  ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဦးခင်မောင်ဝင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဒေါက်တာဝဏ္ဏစိုး၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် စိုင်းဆိုင်လင်း၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် စိုင်းသန့်ဇင်လင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးကျော်ခင်၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် နန်းစင့်ခမ်းတို့က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
သို့ရာတွင် လစ်လပ်မဲဆန္ဒနယ်မြေ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ပြန်ခြင်း မရှိသေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

Most Read

Most Recent