မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း လူငယ်တစ်စုက ကျောင်းသားတစ်ဦး၏ နေအိမ်အထိ လာရောက် ရိုက်နှက်မှုဖြစ်ပွားဟုဆို

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း လူငယ်တစ်စုက ကျောင်းသားတစ်ဦး၏ နေအိမ်အထိ လာရောက် ရိုက်နှက်မှုဖြစ်ပွားဟုဆို
Published 24 November 2016
ဟေမာန်ဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်အပိုင်း (၉) ၆၉လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြားရှိ ကျောင်းသားတစ်ဦး၏ နေအိမ်သို့ လူငယ်တစ်စုက လာရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၂ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်တွင် ဆိုင်ကယ်လေးစီး၊ ငါးစီးခန့်နှင့် လူငယ်ခုနစ်ဦး၊ ရှစ်ဦးခန့်တို့သည့် အဆိုပါ မဟာအောင်မြေမြို့နယ် မဟာမြိုင်အပိုင်း (၉)အတွင်း နေထိုင်သည့် ကျောင်းသားတစ်ဦးအား အိမ်အပြင်ထွက်လာခဲ့ရန် ဖုန်းဆက်ခေါ်ကာ ထိုးကြိတ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
“အန်တီက ထိုင်နေတာ။ သားထွက်သွားတာ မြင်လိုက်တော့ ခါတိုင်းလိုပဲ သူ့သူငယ်ချင်း လာလို့ ထွက်သွားတယ် ထင်တာ။ ခဏကြာတော့ သူတို့ ထိုးကြိတ်ရင်း အန်တီ့အိမ်တံခါးဝရှေ့အထိ ရောက်လာတော့ အန်တီလည်း ဖိနပ်တောင်မစီးနိုင်ဘဲ အမြန်ထသွားပြီး သွားဆွဲတာ။ ပထမတော့ သားနဲ့ ကောင်လေးတစ်ယောက်ပဲ ထိုးကြိတ်နေတာ။ အန်တီတို့ ဝိုင်းဆွဲတာမြင်တော့ ဘယ်ကမှန်းမသိ လူ သုံး၊ လေးယောက်ရောက်လာပြီး အန်တီ့သားကို ဝိုင်းထိုးကြတာ။ ဘယ်လိုမှဆွဲလို့ မရဘူး”ဟု ရိုက်နှက်ခံရသူ၏ မိခင် ဒေါ်နန်းရွှေယိမ်း က ပြောကြားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဘိလိယက်ထိုးကြရင်း ထိုးကြိတ်ခံရသူ ကိုညွန့်ထွန်းကျော်သည် တစ်ဖက်ဝိုင်းအား အမှတ်မထင် ကြည့်မိခဲ့ရာမှ ညပိုင်းတွင် ထိုကြည့်ခံခဲ့ရသည့် ဝိုင်းမှ ကျောင်းသားများက ကိုညွန့်ထွန်းကျော်အား အပြင်ထွက်လာခဲ့ရန် ဖုန်းဆက်ခေါ်ပြီး မွန်းလွဲပိုင်းက ဘာအချိုးဖြင့် ကြည့်တာလဲဟု မေးမြန်းပြီး ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သားက ဘယ်တုန်းကမှ ရန်မဖြစ်ဖူးဘူး။ ဘာရန်ငြိုးရန်စမှလည်း မရှိဘူး။ အခုတစ်ခေါက်မှ ဖြစ်တာဆိုတော့ အန်တီလည်း နှလုံးတောင် တုန်တယ်။ သူ့ကိုလည်း သေချာမှာထားတယ်။ ထပ်ပြီး ရန်သွားမရှာဖို့။ ကိုယ်က ရန်ရှာသူက ပြန်ရန်ရှာနဲ့ ပြီးတော့မှာ မဟုတ်ဘူး။ အန်တီတို့က ကိုယ့်ဘာသာ အေးအေးဆေးဆေးပဲ နေချင်တာပါ”ဟု ဒေါ်နန်းရွှေယိမ်းက ဆက်လက်ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်ဘက်မှ မည်သည့်ရန်ငြိုးမှ မလိုလားအပ်သောကြောင့် အမှုဖွင့်ထားခြင်း မရှိကြောင်း သိရသည်။
ထိုအနီးဝန်းကျင်အတွင်း နေထိုင်သူတစ်ဦးကလည်း “ညီမတို့က ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး အခန်းထဲမှာ စာထိုင်ဖတ်နေကြတာ။ ခဏနေတော့ အော်သံတွေ အကျယ်ကြီး ကြားရတယ်။ ခွေးဟောင်သံတွေရော ဆိုတော့ ခွေးကိုက်ခံရလို့ ကောင်မလေးက ထအော်တယ် ထင်တာ။ တဖြည်းဖြည်းနဲ့ လမ်းမပေါ်သွားနေတဲ့ ဆိုင်ကယ်တွေ ရပ်၊ ကားတွေရပ် ကြည့်တာတော့ ဘာဖြစ်တာလဲဆိုပြီး ဆင်းကြည့်တော့မှ ရိုက်နှက်မှုဆိုတာ သိတာ။ အခုလိုမျိုး အိမ်ရှေ့အထိလာပြီး အတင့်ရဲ ရမ်းကားရိုက်နှက်မှုမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကျွန်မတို့ ပြည်သူ လူထုကို အထိတ်တလန့် ဖြစ်စေပါတယ်” ဟု ပြောကြားသည်။
“ကျွန်တော်တို့လည်း ထိုးကြိတ်နေတာကို မြင်တယ်။ မြင်ပေမယ့် ဝင်ဆွဲလို့ မရဘူး။ သူတို့က လူအများကြီးပဲ။ အင်အားက ဘယ်လိုမျှ မမျှတော့ ဘယ်လိုမှ ကူညီလို့မရဘူး”ဟု ထိုဖြစ်စဉ်အား မြင်တွေ့ခဲ့သူ မျက်မြင်တစ်ဦးက ပြောကြားသည်။
ထိုးကြိတ်ခံရသူမှာ ညိုမည်းစွဲဒဏ်ရာ၊ ပွန်းပဲ့ရှနာဒဏ်ရာနှင့် ညပိုင်းတွင် အော့အန်ခြင်းများ ဖြစ်ခဲ့ကြောင်း၊ ဝင်ရောက်ကာကွယ်ပေးခဲ့သည့် မိခင်ဖြစ်သူမှာလည်း ခြေဖဝါးပြတ်ရှဒဏ်ရာနှင့် အခြားသော ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။           

Most Read

Most Recent