နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၃ ကျပ်အထိ ဆက်လက်မြင့်တက်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၃ ကျပ်အထိ ဆက်လက်မြင့်တက်
Published 19 November 2016
စည်သူအောင်

နိုဝင်ဘာ ၁၉ ရက်တွင် ပြည်တွင်းငွေကြေးဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၃ ကျပ်အထိ စံချိန်တင်ဈေးနှုန်းအဖြစ် ဆက်လက်မြင့်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း ၁၄ နှစ်တာအတွင်း စံချိန်တင်ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင်လည်း အမြင့်ဈေးဖြင့် ဆက်လက်ရပ်တည်နေခြင်းဖြစ်ရာ  ပြည်တွင်းနိုင်ငံခြား ငွေကြေးဈေးကွက်တွင် ၁၀ ရက်ဆက်တိုက် ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ ဒေါ်လာဈေးဆက်တိုက် မြင့်တက်လာပြီး နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၄ -၁၃၀၆ ကျပ်ကြား နိုဝင်ဘာ ၁၆ ရက်တွင် ၁၃၁၀ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်၊ နို ဝင်ဘာ ၁၉ ရက်တွင် ၁၃၂၁ ကျပ်ဖြင့် ဈေး ဖွင့်ခဲ့သော်လည်း ၁၃၂၃ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို နိုဝင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာ ၁၂၉၂ ကျပ်အဖြစ် နှစ်ကျပ်တိုးမြှင့်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ၁၂၈၅ ကျပ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၂၉၂ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံးဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ် ဖြစ်သည်။ ငွေကြေးဈေးကွက်အတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြား  ငွေလဲနှုန်းမှာ ကျပ် ၁၃၇၀ (၂၀၀၇ ခုနှစ် အောက်တိုဘာ ၉ ရက်) ဖြစ်ပြီး အနိမ့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းမှာ ၆၇၇ ကျပ် (၂၀၁၁ ခုနှစ် သြဂုတ် ၂၃ ရက်) ဖြစ်သည်။
နိုင်ငံခြား ငွေလဲနှုန်းသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လကုန်ပိုင်းမှ စတင်ကာ သိသိသာသာ မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်တွင် ကိုးနှစ်အတွင်း အမြင့်ဆုံးစံချိန်တင် ဈေးနှုန်းအဖြစ် ၁၃၂၂ ကျပ်အထိ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်တွင်လည်း တစ်ဒေါ်လာ ၁၃၂၃ ကျပ်အထိ ဆက်လက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။