နိုင်ငံခြားငွေလဲနှုန်း NLD အစိုးရလက်ထက် စံချိန်တင်ဈေးအဖြစ် ၁၃၀၂ ကျပ်အထိ မြင့်တက်

နိုင်ငံခြားငွေလဲနှုန်း NLD အစိုးရလက်ထက် စံချိန်တင်ဈေးအဖြစ် ၁၃၀၂ ကျပ်အထိ မြင့်တက်
Published 12 November 2016
စည်သူအောင်

ကမ္ဘာ့ဈေးကွက်အတွင်း အမေရိကန် ရွေးကောက်ပွဲဂယက် ဆက်လက်ရိုက်ခတ်နေရာ ဒေါ်လာဈေးအားကောင်းပြီး ရွှေဈေးကျဆင်းနေခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်း လက်ရှိအစိုးရလက်ထက် စံချိန်တင်ဈေးအ ဖြစ် ၁၃၀၂ ကျပ်အထိ ဆက်လက်မြင့်တက်လာပြီး ရွှေဈေး ကျပ် ၈၆၁၀၀၀ ကျော်သို့ ပြန်ဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ဈေးကွက်တွင် နိုဝင်ဘာ ၁၂ ရက်အတွင်း ဒေါ်လာဈေးညွှန်းကိန်း ၉၈ ဒသမ ၉၉ ပွိုင့်ရှိနေပြီး နိုဝင်ဘာ ၁၁ ရက်နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁၆ ရာခိုင်နှုန်းထပ် မံမြင့်တက်လာသည်။ နိုဝင်ဘာ ၁၂ ရက် တွင် ဒေါ်လာသည် အခြားကမ္ဘာ့အဓိကငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဆက်လက်အားကောင်းနေပြီး တစ်ယူရိုလျှင် ၁ ဒသမ ၀၈ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၅ ဒေါ် လာ၊ တစ်ဒေါ်လာလျှင် ၁၀၆ ဒသမ ၅ ယန်း ပေါက်ဈေးရှိနေသည်။
ပြည်တွင်းဈေးကွက်တွင် အမြင့်ဈေးဖြင့်ရှိနေသော နိုင်ငံခြားငွေလဲနှုန်းသည် နို ဝင်ဘာ ၉ ရက်တွင် ၁၂၈၅ ကျပ်အထိ ကျဆင်းခဲ့သော်လည်း ညနေပိုင်းတွင် ၁၂၈၈ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီတွင် ကျပ် ၁၃၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၃၀၂ ကျပ်အထိ လက်ရှိအစိုးရ စံချိန်တင်ဈေးနှုန်းအဖြစ် ဆက်လက် မြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ နိုဝင်ဘာ ၆ ရက်တွင် ၁၂၈၁ ကျပ်၊ နိုဝင်ဘာ ၇ ရက်တွင် ၁၂၈၈ ကျပ်၊ နိုဝင်ဘာ ၈ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၉ ရက်တွင် ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ  ၁၂ ရက် တွင်ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၀၂ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ကျပ် ၁၃၀၀ ဖြစ် ရာ ခုနစ်ရက်အတွင်း ကျပ် ၂၀ ခန့် ဆက်လက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသော်လည်း မြန်မာနိုင်ငံဗဟိုဘဏ်က ၎င်းင်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ၁၂၈၅ ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်း သုံးရက်အတွင်း ဒေါ်လာ ၁၀၀ ကျော်ကျဆင်းသွားခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၆၁၀၀၀ ကျော်အထိ ထိုးဆင်းခဲ့သည်။ နိုဝင်ဘာ ၉ ရက်က အမေရိကန်ရွေးကောက်ပွဲ ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင် စ ၁၃၃၇ ဒေါ်လာအထိ မြင့်တက်ခဲ့သော်လည်း  နိုဝင်ဘာ ၁၀ ရက် တွင် ဒေါ်လာ ၁၂၈၀ ကျော်၊ နိုဝင်ဘာ ၁၁ ရက်တွင် ဒေါ်လာ ၁၂၅၀ ကျော်၊ နိုဝင်ဘာ ၁၂ ရက်တွင် ဒေါ်လာ ၁၂၂၀ ကျော် အထိ ကျဆင်းလာခြင်းဖြစ်သည်။  နိုဝင်ဘာ ၉ ရက်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ကျပ် ၈၉၉၂၀၀ အထိရောက်ရှိခဲ့ပြီးနောက် အမေရိကန် ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်ချိန်တွင် ကျပ် ၈၈၇၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင်  ကျပ် ၈၈၄၅၀၀ အထိ၊ နိုဝင်ဘာ ၁၁ ရက်တွင် ကျပ် ၈၇၄၂၀၀ အထိ ကျဆင်းခဲ့သော ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာ ၁၂ ရက်တွင် ကျပ် ၈၆၁၄၀၀ အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း သိရသည်။                                   

Most Read

Most Recent