ပြောဆိုဆုံးမမှုကို မကျေနပ်၍ ရန်ပြုသည့် တပည့်အား ဆရာက ဓားဖြင့်ထိုးသတ်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား

ပြောဆိုဆုံးမမှုကို မကျေနပ်၍ ရန်ပြုသည့် တပည့်အား ဆရာက ဓားဖြင့်ထိုးသတ်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား
Published 10 November 2016
မင်းသိန်းနိုင်၊ သီဟ

ပြောဆိုဆုံးမမှုကို မကျေနပ်၍ ရန်ပြုသည့် တပည့်ကို ဆရာဖြစ်သူက ဓားဖြင့်ထိုးသတ်မှု မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
 
နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်.......(၅၁ နှစ်) သည် မရမ်းကုန်းမြို့နယ် ဦးဘအိုဈေးလမ်းရှိ ဈေးဆိုင်ခန်း၌ ရှိနေစဉ် ဦးဘအိုလမ်းပေါ်၌ ၎င်း၏မောင်ဖြစ်သူ ကို..... (၃၉ နှစ်) မှာ တစ်လမ်းတည်းနေ ဇော်မင်းလွင် (၄၃ နှစ်) နှင့် စကားများ ရန်ဖြစ်ကာ ထိုးကြိတ်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် သွားရောက်ကြည့်ရှုခဲ့သည်။
 
သွားရောက်ကြည့်ရှုရာ ၎င်း၏မောင်ဖြစ်သူ ကို....(၃၉ နှစ်) မှာ ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိကာ လဲကျနေသည်ကို တွေ့ရှိခဲ့ရသဖြင့် အင်းစိန်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။
 
“သူတို့နှစ်ယောက်က ဆရာ တပည့် တွေပါ။ လျှပ်စစ်မီးတွေ ဘာတွေ လုပ်တယ်။ အဲဒီညမှာ အရက်အတူသောက်ကြရင်းနဲ့ ဆရာက မိန်းကလေးတွေကို မကြောင်ဖို့ တပည့်ကို ဆုံးမတာပေါ့။ အဲဒီမှာ စကားများရန်ဖြစ်ပြီး တပည့်ဖြစ်သူက ဆရာဖြစ်သူရဲ့လည်ပင်းကို ညှစ်တာပါ။ အဲဒီမှာ ဆရာဖြစ်တဲ့သူက အနီးမှာရှိတဲ့ဓားနဲ့ တပည့်ကို ထိုးခဲ့တာ ဖြစ်ပါတယ်။ ကျူးလွန်သူကိုတော့ ဖမ်းဆီးရမိပါပြီ။ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ ”  ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါဖြစ်စဉ်အား ဘုရင့်နောင်နယ်မြေရဲစခန်းက (ပ) ၉၇၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။ 

Most Read

Most Recent