သီတင်းကျွတ်လနှင့် သက်ကြီးပူဇော် ကန်တော့ပွဲ အစဉ်အလာ

သီတင်းကျွတ်လနှင့် သက်ကြီးပူဇော် ကန်တော့ပွဲ အစဉ်အလာ
Published 14 October 2016
မြေလတ်ညိုလင်း

ကြာငါးမည် ကြိုင်သင်းလို့၊လျှံဝင်းတဲ့ ပြောင်ထိန်။ရွှေနန်းတောင်တော်ဦးမှာ၊ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်။ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။သက္ကစ္စာ ဂါရဝနှင့်၊စဉ်အလာပူဇော်ပွဲကို၊ နွှဲကြပေတောင်း။ဖိုးသူတော်ဦးမင်းဘကြီးတော်မင်းတရား (၁၁၈၁-၉၉) လက်ထက် အင်းဝနေပြည်တော်၏ သီတင်းကျွတ်လ ရှုခင်းတစ်စိတ်တစ်ဒေသကို စာဆိုတော် ဖိုးသူတော်ဦးမင်းက လေးဆစ်သဖြန်ဖြင့် ဖွဲ့ဆိုထားခြင်း ဖြစ်သည်။ ဤကဗျာတွင် သီတင်းကျွတ်လ၌ ကြာမျိုးငါးပါးတို့ ပွင့်လန်းကြိုင်သင်းဟန်၊ ရွှေနန်းတော်အနီး၌ မြင်းမိုရ်သဏ္ဌာန် ဆောက်လုပ်အပ်သော တောင်တော်ဦးတွင် မြင်းမိုရ်မီးများ လှပတင့်တယ်စွာ ကွန့်မြူးတောက်ပဟန်တို့အပြင် ဤအချိန်အခါတွင် အမိအဖ၊ ဆရာသမားစသည့် သက်ကြီးဝါကြီးတို့ကို ရိုသေလေးမြတ်စွာ လက်စုံမိုး၍ ဦးသုံးကြိမ် ညွှတ်ပျောင်းကန်တော့ရသော အစဉ်အလာ ပူဇော်ပွဲကို ဆင်နွှကြဟန်တို့ကို ဖော်ပြထားသည်။ မြန်မာမှုတွင် ‘ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား’ ဟူ၍ ဆိုရိုစကားရှိ၏။ ဤအချက်ကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာသစ်တွင် ‘အောက်ကိုသနား၊ တန်းတူအားမူ၊ မြှောက်စားအမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏’ ဟူ၍ ဖွဲ့ဆိုထားသည်။ဤတွင် မြန်မာနိုင်ငံ၌ သက်ကြီးပူဇော် ကန်တော့ပွဲ အစဉ်အလာသည် မည်သည့်အခါက စတင်ပေါ်ပေါက်ခဲ့ပါသနည်း။ ဘုရားရှင် လက်ထက်က သီတင်းဝါလကျွတ်သည့်အခါ ဘုရားရှင်အား ဖူးမြော်ကန်တော့ကြသည့် အစဉ်အလာတစ်ရပ် ရှိခဲ့သည်။ ဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်များသည် အရပ်တစ်ပါး၌ ဝါကပ်ရသည့်တိုင် သီတင်းကျွတ်သည့်အခါ ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော ဘုရားရှင်မျက်မှောက်သို့ ရောက်လာကာ ဘုရားရှင်အား ဖူးမြော်ကန်တော့ကြလေ့ ရှိသည်။ဤအစဉ်အလာကို အကြောင်းပြု၍ လောကသမုတိနတ်များ ဖြစ်ကြသော ဘုရင်နှင့် မိဖုရားတို့သည် ရွှေနန်းတော်အတွင်း သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့တွင် မင်းညီမင်းသား မင်းဆွေမင်းမျိုးများ စုရုံးပူဇော် ကန်တော့ခြင်းကိုလည်းကောင်း၊ လပြည့်ကျော် ၂ ရက်နေ့တွင် ဘုရင်သည် သိကြားမင်း သဏ္ဌာန်တုရင်မကိုဋ်တို့ကို ဆင်မြန်းပြီးလျှင် မင်္ဂလာဆင်တော်ဖြင့် မြို့ကိုလှည့်လည်ကာ တိုင်းသူပြည်သားတို့၏ ပူဇော်ကန်တော့ခြင်းကို လည်းကောင်း ခံယူလေ့ရှိသည်။ ဤတွင် တိုင်းသူပြည်သားများက ကောင်းချီးသြဘာပေး၍ ဆုမွန်ကောင်းများ တောင်းကြရသည်။ ဘုရင်သည် သိကြားမင်းကဲ့သို့ အကျင့်သီလ ပြည့်ဝလျက် တိုင်းသူပြည်သားများအား ရင်ဝယ်သားပမာ အဖြူအမည်း မခွဲခြားဘဲ မေတ္တာရည်တူဖြင့် အုပ်ချုပ်ပါမည်ဟု ဝန်ခံကတိပြုသည့် အမှတ်လက္ခဏာလည်း ဖြစ်သည်။ ထို့နောက်တွင်ကား ဘုရင်သည် မိဖုရားခေါင်ကြီးနှင့်အတူ ရာထူးအလိုက် ဝတ်ရုံဆင်မြန်းထားသည့် အရာထမ်း အမှုထမ်းများ၊ နယ်စား၊ မြို့စားများ၏ ပူဇော်ကန်တော့ခြင်းကို ခံယူတော်မူသည်။ဘုရင်အား ပူဇော်ကန်တော့သည့်အခါ ကန်တော့ဆက်စာများဖြင့် ရွှေဖလား၊ ငွေဖလား၊ ရွှေပန်းခိုင်ငွေပန်းခိုင်၊ ရွှေတန်ဆောင်၊ ရွှေပေါက်ပေါက် ငွေပေါက်ပေါက်၊ တရုတ်ပုဆိုး၊ ခါသာ၊ ဖျင်နီပျား၊ ပုဆိုးဖြူစသည့် လက်ဆောင် ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။ဤအစဉ်အလာကို အစွဲပြု၍ ရှေးခေတ် မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းဝါလကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ကြသည့် ဓလေ့ထုံးစံကောင်း တစ်ခုကို တီထွန်ခဲ့ဟန် ရှိပေသည်ဟု ဓမ္မာစရိယ ဦးအေးနိုင်က သုံးသပ်ထားသည်။ဤသက်ကြီး ပူဇော်ကန်တော့ပွဲများသည် ဗုဒ္ဓဒေသနာတော်လာ ပူဇော်နည်း နှစ်မျိုးလုံးနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ ဗုဒ္ဓဒေသနာတော်၌ အာမိသပူဇာ၊ ဓမ္မပူဇာဟူ၍ ပူဇော်နည်းနှစ်မျိုး ရှိသည်။ ဝတ္ထုပစ္စည်းတစ်ခုခုနှင့် ပူဇော်လျှင် အာမိသပူဇော်မည်၍ တရားသဖြင့် ပူဇော်လျှင် ဓမ္မပူဇာမည်၏။ တရားဖြင့် ပူဇော်ခြင်းဟူသည် ဘုရားရှင်၏ အဆုံးအမတရား၊ မိဘဘိုးဘွား၊ ဆရာသမားစသော သက်ကြီးဝါကြီးတို့၏ ဆုံးမစကားတို့ကို လိုက်နာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လှူဒါန်းဖွယ် ပစ္စည်းမပါဘဲ လက်အုပ်ချီမိုးရှိခိုး ပူဇော်ခြင်းသည်လည်း ဘုရားရှင်၏ သြဝါဒကို လိုက်နာကျင့်သုံးရာ ရောက်သဖြင့် ဓမ္မပူဇာဟုပင် ခေါ်ရသည်။ မျက်မှောက်ကာလ သက်ကြီးပူဇော် ကန်တော့ပွဲများသည် ဝတ္ထုပစ္စည်းဖြင့်လည်းကောင်း၊ လက်အုပ်ချီမိုး ရှိခိုး၍လည်းကောင်း ပူဇော်ကန်တော့သော ပွဲများဖြစ်သောကြောင့် ပူဇော်နည်းနှစ်မျိုးစလုံးနှင့် ပြည့်စုံသော ပူဇော် ကန်တော့ပွဲဖြစ်သည်ဟု ဆိုရခြင်းဖြစ်သည်။ရိုသေထိုက်သူကို ရိုသေခြင်းသည်။ ဘုရားရှင် ဟောကြားသော မင်္ဂလာသုတ်ပါဠိတော်တွင် ၂၂ ခုမြောက် မင်္ဂလာတရားတော် ဖြစ်သည်။ ရိုသည်ထိုက်သူဟူသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးနှင့် မိဘ၊ ဆရာ အစရှိသော မိမိထက် အသက်သိက္ခာ၊ ဂုဏ်သိက္ခာကြီးမြင့်သော ပုဂ္ဂိုလ်တို့ကို ဆိုလိုသည်။ ယင်းပုဂ္ဂိုလ်များအား ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လမ်းဖယ်ပေးခြင်း၊ ကောင်းစွာပြုစုခြင်း၊ အလေးပြုခြင်း၊ မြတ်နိုးခြင်း၊ ပူဇော်ခြင်းစသည်တို့ကား ရိုသေမှု၏ အမှတ် လက္ခဏာများ ဖြစ်ကြသည်။တိကနိပါတ်၊ တိတ္ထိရဇာတ်တွင် ကြီးသူကို ရိုသေလေ့ ရှိသူသည် မျက်မှောက်ဘဝတွင် ချီမွမ်းခြင်းငှာထိုက်ပြီး တမလွန်ဘဝတွင်လည်း သုဂတိသို့ လားရကြောင်းကိုလည်းကောင်း၊ ဓမ္မပဒပါဠိတော် ၁၀၉ အာယုဝဍ္ဎုနကု မာရဝတ္ထုနှင့် အာဋာနာဋိယသုတ်တို့တွင်လည်း မိမိထက် ဂုဏ်အားဖြင့်လည်းကောင်း၊ အသက်သိက္ခာအားဖြင့် လည်းကောင်း ကြီးမြင့်သောသူတို့၌ အရိုအသေပြုလေ့၊ ရှိခိုးလေ့ရှိ သူအားအသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ကိုယ်အားဉာဏ်အား ကြီးခြင်းဟူသော အကျိုးတရားလေးပါးတို့ တနေ့တခြား တိုးပွားကြောင်းကိုလည်း ဘုရားရှင် ဟောကြားတော်မူသည်။ထို့ပြင် အသက်ကြီးသူတို့အား ပူဇော်ကန်တော့ခြင်းသည် အပြစ်ကိုကုစားသော နည်း (ဝါ) အပြစ်ကို ပပျောက်စေနိုင်သော နည်းလမ်းဖြစ်သည်။ ဤစကားမှန်၏။ သံသရာ ခရီးသွားများဖြစ်ကြသော ပုထုဇဉ်လူသားများ အနေဖြင့် အတိတ်ဘဝများကဖြစ်စေ၊ မျက်မှောက်ဘဝတွင်ဖြစ်စေ၊ တစ်ဦးအပေါ်တစ်ဦး ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားမိခဲ့ဖူးခြင်းများ ရှိနိုင်သည်။ ဤသို့ရှိခဲ့သော် ထိုအပြစ်တို့ကို ပူဇော်ကန်တော့သောနည်းဖြင့် ပပျောက်စေနိုင်သည်ဟု ဘုရားရှင် ဟောကြားတော်မူခဲ့သည်။မျက်မှောက်ဘဝ၌ ပြစ်မှားမိခဲ့ပါက ပြစ်မှားခံရသူထံသို့သွားကာ မိမိနှင့် အသက်အရွယ်တူပါက သို့မဟုတ် မိမိအောက် အသက်ငယ်သူဖြစ်ပါက မတ်တတ်ရပ်လျက် “ကျွန်ုပ်သည် ပုထုဇဉ်ဖြစ်သည့်အလျောက် သင့်ကို ဤနည်းဖြင့် ပြစ်မှားမိခဲ့ပါသည်။ ထိုအပြစ်ကို သည်းခံခွင့်လွှတ်တော်မူပါ” ဟု ပြောဆို တောင်းပန်ရသည်။ မိမိထက် အသက်ကြီးသူဖြစ်ပါက လက်အုပ်ချီမိုး ရှိခိုးကန်တော့ကာ အထက်ပါအတိုင်း တောင်းပန်ရသည်။ အကယ်၍ သည်းမခံခဲ့လျှင် လည်းကောင်း၊ အရပ်တစ်ပါးသို့ သွားရောက်နေသဖြင့် မတွေ့ခဲ့လျှင်သော် လည်းကောင်း၊ ၎င်း၏ ဇနီးကိုဖြစ်စေ၊ မိဘများကိုဖြစ်စေ “ကျွန်ုပ်သည် ထိုသူ့ကို ဤသို့ပြစ်မှားမိခဲ့ပါသည်။ သူသည် ထိုအပြစ်ကို သည်းခံပါစေ” ဟု တောင်းပန်ရသည်။ မတောင်းပန်ရသေးမီ ထိုသူကွယ်လွန်သွားခဲ့သော် အလောင်းရှိသေးလျှင် အလောင်းရှိရာသို့ လည်းကောင်း၊ အလောင်းမရှိတော့လျှင် သေဆုံးရာဌာန၊ မြှုပ်နှံရာ သချုႋင်းသို့လည်းကောင်း သွားရောက်၍ အထက်ပါအတိုင်း တောင်းပန် ကန်တော့ရ၏။ ယင်းသို့ပြုလုပ်ပါ က အနန္တရိယကံကြီး ငါးပါးနီးပါး အပြစ်ကြီးလေးသော အရိယာကို ပြစ်မှားစွပ်စွဲမိမည့်ကံ (အရိယူပဝါဒကံ) ကိုပင် ပယ်ဖျောက်နိုင်သည်ဟု ဝိသု ဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ပါရာဇိကအဋ္ဌကထာ တို့၌ ဝတ္ထုသက်သေနှင့်တကွ ဖွင့်ဆိုထားသည်။ ဓမ္မပဒပါဠိတော် (၄၃) သောရေယျဝတ္ထု၌လည်း သောရေယျသူဌေးသားသည် ရုပ်ရည် အလွန်ချောမောသည့် ရှင်မဟာကစ္စည်း မထေရ်အား စိတ်ဖြင့်ပြစ်မှားမိခဲ့သဖြင့် တစ်ခဏချင်း ယောက်ျားဘဝမှ မိန်းမဘဝသို့ကူး ပြောင်းသွားခဲ့ရာ မထေရ်အားပင့် ဖိတ်၍ ကန်တော့ပွဲဖြင့် ပူဇော်တောင်းပန်ခဲ့သောကြောင့် ယောကျ်ားကို ပြန်လည်ရရှိကြောင်း ဖော်ပြထားသည်။သို့ရာတွင် အချို့သောသူများသည် ဂါရဝတရား ခေါင်းပါးသည့်အလျောက် ရိုသေထိုက်သူများကို ရိုသေရကောင်းမှန်း မသိကြချေ။ ထိုသူတို့၏ စိတ်တွင် ဂါရဝမှုကို အောက်ကျသည်ဟု ထင်မှတ်ဟန်ရှိသည်။ ထိုပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ဘုရားရှင်က သုဘလုလင်အား “လုလင်၊ ဤလောက၌ ခက်ထန်မောက်မာ၍ အရိုအသေ အလေးအမြတ် ပြုထိုက်သူအား အရိုအသေ အလေးအမြတ် မပြုသူသည် သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်ရ၏။ အပါယ်ငရဲသို့ မကျရောက်ဘဲ လူအဖြစ်သို့ ရောက်လာသည်ရှိသော် အမျိုးယုတ်သူ ဖြစ်ရ၏။ ခက်ထန်မောက်မာမှု မရှိဘဲ အရိုအသေ အလေးအမြတ် ပြုထိုက်သူတို့အား အရိုအသေ အလေးအမြတ် ပြုသူသည်ကား သေလွန်သောအခါ နတ်ပြည်သို့ ရောက်ရ၏။ နတ်ပြည်သို့ မရောက်ဘဲ လူအဖြစ်သို့ ရောက်လာသည်ရှိသော် အမျိုးမြတ်သူဖြစ်ရ၏” ဟု မဇ္ဈိမနိကာယ်၊ ဥပရပဏ္ဏသပါဋ္ဌိတော်၊ စူဠကမ္မဝိဘင်္ဂသုတ်တွင် ဟောကြားထားသည်။စင်စစ်အားဖြင့် ဂါရဝမှုသည် အောက်ကျခြင်း မဟုတ်သည်သာမက ယဉ်ကျေးရည်မွန်ခြင်း၊ စိတ်ဓာတ်မြင့်မားခြင်းတို့၏ လက္ခဏာဖြစ်ပြီး အထက်တန်းကျသော အရည်အချင်းကောင်း တစ်ခုလည်း ဖြစ်သည်။ ကြားမြင် သုတပြည့်ဝ၍ အမြင်ကျယ်သူများကမူ ဂါရဝမူ၏ တန်ဖိုးကိုကောင်းစွာ သိရှိသည့်အလျောက် လိုက်နာ ကျင့်သုံးကြပေသည်။သို့ဖြစ်ရာ ကျွနု်ပ်တို့သည် မျက်မှောက် တမလွန် နှစ်တန်သော အကျိုးကို ဖြစ်ထွန်းစေနိုင်၍ အမျိုးသားရေး လက္ခဏာတစ်ရပ်လည်းဖြစ်သော ဂါရဝမှုကို ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးစားပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပေသည်။■ ကိုကားသောစာအုပ် - ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ (စမ္မာစရိယ ဦးအေးနိုင်)

Most Read

Most Recent