မန္တလေးမြို့ အမရဌာနီ အနောက်ရပ်ကွက် လူသတ်မှုဖြစ်စဉ်မှ တရားခံအား ငါးနာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးမြို့ အမရဌာနီ အနောက်ရပ်ကွက် လူသတ်မှုဖြစ်စဉ်မှ တရားခံအား ငါးနာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
Published 30 September 2016
သက်ထွန်းအောင်

မန္တလေးမြို့ အမရဌာနီ အနောက်ရပ်ကွက်တွင် စက်တင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ တရားခံအား ငါးနာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အောင်မြေသာစံမြို့နယ် အမရဌာနီ အနောက်ရပ်ကွက် ၁၀ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ အကွက် ၃၈ တွင် စက်တင်ဘာ  ၂၉ ရက် နံနက် ၈ နာရီခွဲခန့်က ဒေါ်သီတာဝင်း ရွှေပန်းထိမ်လုပ်ငန်း နေအိမ်တွင်ရှိနေစဉ် အဆိုပါရပ်ကွက်နေ မင်းမင်းအောင် ရောက်ရှိလာကာ တစ်ရပ်တည်းနေ ဒေါ်သီတာဝင်း၏ မောင်ဖြစ်သူ မြတ်သူ (ခ)ကိုသူ (၄၀ နှစ်) မှာ ၎င်း၏ နေအိမ်အောက်ထပ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ပြောကြားသောကြောင့် ကြည့်ရှုခဲ့ရာ မြတ်သူ (ခ) ကိုသူမှာ လည်ပင်း ဝဲ/ယာ ထိုးသွင်းဒဏ်ရာ၊ ယာလက်ကောက်ဝတ်ကျိုး၊ ဝဲလည်ကုတ်၊ ဝဲလက်ဖျံ/ ယာ လက်ခုံ/ ခေါင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေပြီး  HONDA Click  ဆိုင်ကယ်မှာလည်း ပျောက်ဆုံးနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။ထို့နောက် တိုင်းရဲအကူတပ်ဖွဲ့ခွဲ (မှု/ကူ)နှင့် မန္တလေးခရိုင် (မှု/နှိမ်)မှ တာဝန်ရှိသူများက စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူ မြတ်သူ (ခ) ကိုသူနှင့် အခင်းမဖြစ်မီ အတူသွားလာခဲ့သည့် မသင်္ကာသူ ရဲထွန်း (ခ) ငရဲ (၁၉ နှစ်)၊ သံဖြူလုပ်သား၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်နေသူအား ဧရာဝတီ မြစ်ဘေးတွင်ရှိသည့် မြို့ပတ်လမ်း၊ မြောက်ကွေ့တွင် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။“တရားခံထွက်ဆိုအချက်ရ အရက်မူး စကားများရာမှ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်တယ်လို့ ကနဦးစစ်ချက်အရ သိရတယ်။ ယူသွားတဲ့ ဆိုင်ကယ်ကိုလည်း သိမ်းဆည်းထားပြီးပါပြီ” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။တရားခံမှ အခင်းဖြစ်စဉ် သေဆုံးသူ မြတ်သူ (ခ) ကိုသူအား ထိုးနှက်ခဲ့သည့် ဓားနှင့် ရိုက်နှက်ခဲ့သည့် သစ်သားပိုင်းများအား အခင်းဖြစ် နေအိမ်အတွင်းခန်း ပြတင်းပေါက်ထောင့်မှ  အသွား ၁၁ လက်မခန့်၊ အရိုး ၅ ဒသမ ၅ လက်မခန့်၊ ဗျက် ၁ လက်မခန့်ရှိသည့် သွေးစွန်းနေသည့် ဦးချွန်ဓားရှည် တစ်ချောင်း (သစ်သားအား ပြုလုပ်ကာ တိတ်အမဲ ပတ်ထားသည့် ဓားအိမ်ကပ်လျက်) နှင့် နေအိမ်အောက်ထပ် သေဆုံးသူအနီးမှ ဗျက် ၃ လက်မခန့်၊ အထူ ၁ လက်မခန့်ရှိ ၃x၁ သွေးစွန်းပေနေသည့် သစ်သားပိုင်း လေးချောင်း (တစ်ခုနှင့် တစ်ခု ဆက်စပ်လျက် စုစုပေါင်းအရှည် ၃ ပေ ခန့်) တို့အား ပြသခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေရဲစခန်း (အမှတ်-၄) မှ တရားခံဖြစ်သူ ရဲထွန်း (ခ) ငရဲ အား (ပ) ၁၉၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent