ပြည်နယ်လွှတ်တော် ခေါ်ယူကျင်းပသော အချိန်ကာလ ဝေးကွာသည့်အတွက် မွန်ပြည်နယ်လွှတ်တော် အလုပ်မလုပ်ဟု ပြည်သူများ ထင်မြင်ယူဆသွားနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများ ပြောကြား

ပြည်နယ်လွှတ်တော် ခေါ်ယူကျင်းပသော အချိန်ကာလ ဝေးကွာသည့်အတွက် မွန်ပြည်နယ်လွှတ်တော် အလုပ်မလုပ်ဟု ပြည်သူများ ထင်မြင်ယူဆသွားနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများ ပြောကြား
Published 11 September 2016
ဘိုဘိုမြင့်

လွှတ်တော်ခေါ်ယူ ကျင်းပသော အချိန်ကာလ ဝေးကွာသည့်အတွက် မွန်ပြည်နယ်လွှတ်တော် အလုပ်မလုပ်ဟု ပြည်သူများ ထင်မြင်ယူဆသွားနိုင်သည်ဟု လွှတ်တော်လေ့လာ စောင့်ကြည့်သူများမှ သုံးသပ်ပြောဆိုမှုများ ရှိနေသည်။“လက်ရှိ လွှတ်တော်မှာ ဘာတွေ လုပ်နေသလဲ။ ဘာတွေ ဆောင်ရွက်နေသလဲပေါ့နော်။ လွှတ်တော်ကလည်း တစ်ကြိမ်နဲ့တစ်ကြိမ် ကျင်းပတာ အချိန်နည်းနည်း ကြာလာသလိုပဲ။ မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ လွှတ်တော်က သိပ်အလုပ်မလုပ်ဘူးလားဆိုတဲ့ အမြင်လေးတွေ မြင်သွားနိုင်ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်အပိုင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပိုင်းမှာ ကျွန်တော်တို့ မသိ၊ မမြင်ရတဲ့ အခြားကိစ္စတွေ လုပ်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ ဥပမာ ဥပဒေ ရေးဆွဲနေတာ။ လွှတ်တော်ကော်မတီတွေအလိုက် လုပ်ငန်းတွေ လုပ်ဆောင်တွေတာလည်း ရှိနိုင်ပါတယ်။ လွှတ်တော်အနေနဲ့ ဘာတွေ လုပ်ဆောင်တယ် ဆိုတာကို မီဒီယာတွေ၊ ပြည်သူတွေကို ချပြပေးဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ မဟုတ်ရင် ပြည်သူတွေက လွှတ်တော် အလုပ်မလုပ်ဘူးလားလို့ ထင်မြင်သွားမှာ စိုးရိမ်လို့ပါ” ဟု လူမှုအသိုက်အမြုံ လေ့လာစောင့်ကြည့်သူများအသင်း (COA) မှ လွှတ်တော်ရေးရာ စောင့်ကြည့်သူ ဦးမင်းဝင်းဗိုလ်က ဆိုသည်။၎င်းက ဆက်လက်ပြီး “မွန်ပြည်နယ် အတွင်းမှာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အရေးတကြီး လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိရင်တော့ လွှတ်တော်ကို ခေါ်ကို ခေါ်ယူသင့်ပါတယ်။ အဲဒီလို မဟုတ်ဘူး ဆိုရင် အစိုးရဘက်က စီမံကိန်းတွေ စတင်နေပြီးမှ လွှတ်တော်က ကန့်ကွက်တယ်ဆိုတာမျိုး ဖြစ်နေရင် စီမံကိန်းလုပ်နေတဲ့ ကုမ္ပဏီတွေအတွက်လည်း နစ်နာမှုတွေ ဖြစ်သွားမယ်။ အဲဒါတွေကြောင့် စီမံကိန်းတွေ မလုပ်ခင် အရေးတကြီး ဆုံးဖြတ်စရာတွေရှိရင် လွှတ်တော်ကို ခေါ်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။“လွှတ်တော်က အကြောင်းကြောင်းကြောင့် မခေါ်ဖြစ်ပေမယ့် ကျွန်တော်တို့ အနေနဲ့မေးစရာ မေးခွန်းတွေက အများကြီး ရှိနေပါတယ်။ လွှတ်တော်ခေါ်တာ ကြာနေရင် တချို့ကိစ္စတွေ Delay ဖြစ်နေတာတွေ ရှိတယ်။ ဥပမာ ပြီးခဲ့တဲ့ လွှတ်တော်တုန်းက ပေါင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်တင်ထားတဲ့ အရေးကြီး အဆိုတစ်ခုဖြစ်တဲ့ VIP ဧည့်ရိပ်သာကိစ္စဆိုရင် လွှတ်တော်မှာ အဆိုကို လက်ခံထားပြီးပြီ။ ဆွေးနွေး အတည်ပြုဖို့ပဲ လိုတော့တယ်။ ဒါပေမဲ့ အဲဒီအဆောက်အအုံက ဖောင်ဒေးရှင်းချပြီး တိုင်တွေတောင် တက်လာပြီ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး လာမယ့်လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ အဆိုရှင်က အဆိုအောင်သွားရင် အစိုးရအနေနဲ့ ရှင်းရမယ့် ကိစ္စတွေ ပေါ်လာနိုင်ပါတယ်” ဟု သထုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောကြားသည်။မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “ကျွန်တော့်အမြင် ပြောရရင် လွှတ်တော်ခေါ်ယူဖို့ အကြောင်းအရာ မရှိဘူးလား မေးရင်တော့ ဆွေးနွေးစရာ အကြောင်းအရာတွေ အမြဲတမ်း ရှိနေပါတယ်။ သို့သော်လည်းပဲ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်ပါတယ်။ လက်ရှိ လွှတ်တော် မကျင်းပဖြစ်တဲ့ သုံးလတာ ကာလအတွင်းမှာ လွှတ်တော်ရေးရာ ကော်မတီတွေကတော့ ပုံမှန်အတိုင်း လည်ပတ်နေကြပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ၁၅ ရက်ကို တစ်ကြိမ် အစည်းအဝေး ပုံမှန် လုပ်နေပါတယ်။ ရေးရာ ကော်မတီတွေကလည်း တစ်ပတ်ကိုတစ်ကြိမ် အစည်းအဝေး ပုံမှန်ရှိပါတယ်။ နောက်ပြီး ကိုယ်စားလှယ်တွေရဲ့ အရည်အသွေး မြင့်မားစေရေးအတွက် သင်တန်းတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေလည်း လုပ်နေပါတယ်” ဟု ပြောကြားသည်။လွှတ်တော်ခေါ်ယူ ကျင်းပရန်မှာ လွှတ်တော်ဥက္ကဋ္ဌပေါ်တွင်သာ မူတည်ပါကြောင်း၊ လွှတ်တော်ကျင်းပရန်အတွက် လိုအပ်သည့် အကြောင်းအချက်များ အနေဖြင့် နိုင်ငံတော် သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်တို့မှ လွှတ်တော်အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုခြင်း၊ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် လွှတ်တော်ခေါ်ယူလိုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုခြင်းများကြောင့် လွှတ်တော်ခေါ်ယူ ကျင်းပရကြောင်းနှင့် လွှတ်တော်ခေါ်ယူ ကျင်းပရန် အကြောင်းခြင်းအရာ စုံလျှင်လည်း လွှတ်တော်ခေါ်ယူရကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီမှ ဇွန်လအထိ ငါးလတာအတွင်း ပုံမှန်အစည်းအဝေး နှစ်ကြိမ်နှင့် အထူးအစည်းအဝေးတစ်ကြိမ် ခေါ်ယူကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ငါးနှစ်သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး (၁၂) ကြိမ်၊ အထူးအစည်းအဝေး သုံးကြိမ်နှင့် အရေးပေါ် အစည်းအဝေးတစ်ကြိမ် စုစုပေါင်း (၁၆) ကြိမ်သာ ကျင်းပပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် လွှတ်တော်မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent