စစ်ကိုင်း ဆန္ဒပြအလုပ်သမားများနှင့် ဝန်းရံသူ ၁၀ ဦးက (၆) ကြိမ်မြောက် ရုံးချိန်းတွင် စတင်တရားရင်ဆိုင်ပြီး ဗကသကျောင်းသား ငါးဦးက တရားစီရင်ရေးအား ဆက်လက် သပိတ်မှောက်

စစ်ကိုင်း ဆန္ဒပြအလုပ်သမားများနှင့် ဝန်းရံသူ ၁၀ ဦးက (၆) ကြိမ်မြောက် ရုံးချိန်းတွင် စတင်တရားရင်ဆိုင်ပြီး ဗကသကျောင်းသား ငါးဦးက တရားစီရင်ရေးအား ဆက်လက် သပိတ်မှောက်
Published 10 August 2016
နေရိုင်း၊ ကျော်မျိုး

စစ်ကိုင်း ဆန္ဒပြအလုပ်သမားများနှင့် ဝန်းရံသူ ၁၀ ဦးက သြဂုတ် ၁၀ ရက်တွင် စစ်ဆေးသည့် (၆) ကြိမ်မြောက် ရုံးချိန်းတွင် စတင် တရားရင်ဆိုင်ပြီး ဗကသကျောင်းသား ငါးဦးက တရားစီရင်ရေးအား ဆက်လက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်းက “ဒီနေ့မှာ ကျွန်တော်တို့အထဲက အလုပ်သမားတွေအနေနဲ့က တရားစီရင်ရေးကို ရင်ဆိုင်ကြည့်မယ်။ ဘာကြောင့် ရင်ဆိုင်ကြည့်လဲဆိုရင် အပြင်ဘက်က ကျွန်တော်တို့ကို ဝိုင်းရံပေးတဲ့ သူတွေရယ်၊ အလုပ်သမားတွေက တောင်းဆိုတယ်။ ပြောင်းလဲနေတဲ့ အနေအထားမှာ အစိုးရအသစ်လက်ထက်မှာ တရားရုံးကို ရင်ဆိုင်ကြည့်ပါဆိုလို့ ကျွန်တော်တို့အနေနဲ့ စမ်းပြီးတော့ ရင်ဆိုင်ကြည့်မယ်။ ကျွန်တော်တို့အနေနဲ့ တရားဥပဒေကိုတော့ ယုံကြည်မှုမရှိဘူး။ ဖမ်းကတည်းက အပြစ်လုပ်ထားတဲ့သူ မဟုတ်တော့ အယုံအကြည်မရှိဘူး။ ကျောင်းသားတွေကတော့ တရားရုံးကို သပိတ် ဆက်မှောက်မယ်။ ကျွန်တော်တို့အနေနဲ့ ကွဲတာတော့ မဟုတ်ဘူး။  ခွဲပြီး ကစားကြည့်တဲ့ အနေအထားပါခင်ဗျ။ တရားဥပဒေအရ မှန်မှန်ကန်ကန် တကယ် ပြောင်းလဲတာမျိုးကို ဖြစ်စေချင်တယ်ခင်ဗျ” ဟု ပြောကြားသည်။အလုပ်သမားများအနေဖြင့် တရားစီရင်ရေးအား သပိတ်မှောက်ခြင်းကို ယာယီ ရပ်နားထားပြီး တရားရုံး၏ စစ်ဆေးမှုကို ခံယူမည်ဖြစ်ကာ တစ်ဖက်မှလည်း အလုပ်သမားများနှင့် ကတိကဝတ် ပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်များက ကတိအတိုင်း အကောင်အထည် မဖော်ပါက တရားစွဲဆိုခြင်း ပြုသွားမည်ဖြစ်ကြောင်း အလုပ်သမားများနှင့် ဝန်းရံသူများက ပြောကြားသည်။အဆိုပါ ရုံးချိန်းတွင် အလုပ်သမားများ၊ ဝန်းရံပြည်သူများက စစ်ဆေးမှုကို ခံယူခဲ့ကြသကဲ့သို့ ဝန်းရံကျောင်းသားများကလည်း တရားခွင်အတွင်း ဆူပူဟစ်အော်ခြင်း မပြုသည့်အတွက် စစ်ဆေးမှုခံယူသည်ဟု ယူဆပြီး အခြားသော ပြစ်ဒဏ်ချမှတ်ခြင်း မပြုကြောင်း တရားသူကြီး ဦးအောင်ကျော်ဦးက ပြောကြားသည်။“သူတို့က ဒီနေ့ အကုန်အစစ်ခံတဲ့သဘော ဖြစ်သွားပါတယ်။ တရားခွင်ထဲ ထိုင်နေတာဆိုတော့ အစစ်ခံတာပါပဲ။ ကျောပေးပေမယ့် နားထောင်နေတာပါပဲလေ။ အားလုံးက တရားခွင်ထဲ ရောက်နေတော့လေ” ဟု တရားသူကြီး ဦးအောင်ကျော်ဦးက ပြောကြားသည်။စစ်ကိုင်းမှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်လာသည့် စစ်ကိုင်းသစ်အချောထည် စက်ရုံမှ ဆန္ဒပြ အလုပ်သမားများနှင့် ဝန်းရံ (ဗ.က.သ) ကျောင်းသားများအား ရဲတပ်ဖွဲ့က မေ ၁၈ ရက်တွင် နေပြည်တော် တပ်ကုန်း၊ ညောင်လွန့်ဂိတ်၌ အင်အားသုံး ဖြိုခွင်းခဲ့ပြီး  ဆန္ဒပြ အလုပ်သမားများနှင့် ဝန်းရံ  (ဗကသ) ကျောင်းသား စုစုပေါင်း ၆၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။