မိတ္ထီလာမြို့ စက်သုံးဆီ ထိန်းသိမ်းရေးတပ်ခွဲဝင်းတွင် ဒုတပ်ကြပ်တစ်ဦးက ဇနီးဖြစ်သူအား ရိုက်သတ်မှု ဖြစ်ပွားပြီး လေးလအကြာမှ နယ်ဘက်တရားရုံးတင် စစ်ဆေးနိုင်ရန် မြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်

မိတ္ထီလာမြို့ စက်သုံးဆီ ထိန်းသိမ်းရေးတပ်ခွဲဝင်းတွင် ဒုတပ်ကြပ်တစ်ဦးက ဇနီးဖြစ်သူအား ရိုက်သတ်မှု ဖြစ်ပွားပြီး လေးလအကြာမှ နယ်ဘက်တရားရုံးတင် စစ်ဆေးနိုင်ရန် မြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်
Published 4 August 2016
ဝဏ္ဏ (မိတ္ထီလာ)

မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်ရှိ စက်သုံးဆီ ထိန်းသိမ်းရေးတပ်ခွဲဝင်းအတွင်း ဒုတပ်ကြပ်တစ်ဦးက ဇနီးဖြစ်သူအား ရိုက်သတ်မှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန် လေးလအကြာတွင် နယ်ဘက်တရားရုံးတင် စစ်ဆေးနိုင်ရန် မြို့မရဲစခန်းတွင် လာရောက် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဧပြီ ၂ ရက်က ဗိုလ်ကြီး အောင်မြင့်တိုး (၄၁ နှစ်)သည် တပ်ရေးဗိုလ်ကြီး တာဝန်ဆောင်ရွက်နေစဉ် အမှတ် (၁) စက်သုံးဆီတပ်ခွဲ တပ်အိမ်ထောင်သည် လိုင်းခန်းနေ ဒုတပ်ကြပ်မြင့်သူ (၃၉ နှစ်) မှာ ဇနီး မနှင်းအိသွယ် (၂၅ နှစ်) နှင့်  စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူမှ သမီးနှင့် ပြန်ပေးစား ပြောဆိုသဖြင့် ဒုတပ်ကြပ်မြင့်သူက အရှည် နှစ်ပေခန့်၊ လုံးပတ် လေးလက်မခန့်ရှိ ဝါးဆစ်တုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများ ရရှိပြီး အမှတ် (၁) တပ်မတော်စစ်ဆေးရုံ ခုတင် ၅၀၀ သို့ ပို့ဆောင်စဉ် မနှင်းအိသွယ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒုတပ်ကြပ်မြင့်သူအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အမိန့်ဖြင့်  စစ်မှုထမ်းခြင်းမှ ထုတ်ပယ်ပြီး နယ်ဘက်ဥပဒေ၊ နယ်ဘက်တရားရုံး ဖြင့် လွှဲပြောင်းစစ်ဆေးရန် ညွှန်ကြားချက်အရ တပ်ရေး ဗိုလ်ကြီးအောင်မြင့်တိုးက သြဂုတ် ၂ ရက်တွင် မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
 
“ဖြစ်တာက ဧပြီ ၂ ရက် ညပိုင်းက ဖြစ်တာ။ ဒုတပ်ကြပ်က မိန်းမကို စိတ်ဆိုးပြီး ထရိုက်လိုက်တာ မိန်းမ သေသွားတယ်။ အခု ရိုက်လိုက်တဲ့ ဒုတပ်ကြပ်က အရင်အိမ်ထောင် နဲ့ ကလေးရှိတယ်။ အရင်မိန်းမ ဆုံးသွားလို့ ခုသေတဲ့ ကောင်မလေးနဲ့ နောက်အိမ်ထောင် ထူထောင်ထားတာ။ ကောင်မလေးကလည်း  အရင်အိမ်ထောင် ပျက်ပြီး ခု ဒုတပ်ကြပ်နဲ့ ယူလိုက်တာ။ အရင်အိမ်ထောင်နဲ့ ကလေးရှိတယ်။ သူတို့နှစ်ယောက် ပေါင်းပြီးမှတော့ ကလေးမရသေးဘူး။ တပ်က ဆေးရုံလိုက်ပို့ပေမယ့် မမီလိုက်ဘူး။ သေဆုံးသွားတဲ့ ကောင်မလေးကလည်း မိတ္ထီလာ ဇာတိပါပဲ” ဟု အောင်ဇေယျာရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး က ပြောကြားသည်။
 
အဆိုပါအမှုအား မိတ္ထီလာမြို့မရဲစခန်း က (ပ) ၂၂၂/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။