အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာသံစစ်သည် သြဂုတ် ၂ ရက် နံနက် ၄ နာရီ ၃၅ မိနစ်တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားပြီး ကျန်ရစ်သော ရုပ်ကလာပ်ကို ယင်းနေ့ ညနေ ၅ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ပါမောက္ခ ဒေါက်တာသံစစ်ကို အဘ ဦးညွန့်ဖေ (မန္တလေးတိုင်း စာရင်းဦးစီးမှူး-ငြိမ်း)၊ အမိ ဒေါ်ကြည်ကြည်တို့မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်၌ မွေးဖွားခဲ့ပြီး မန္တလေး ဆေးတက္ကသိုလ်မှ ၁၉၇၂ ခုနှစ်တွင် MBBS ဘွဲ့ရရှိခဲ့ကြောင်း၊ ၁၉၈၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ M.Med.Sc (Int Med) ကို လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ MRCP(UK) ဘွဲ့နှင့် ၂၀၀၈ ခုနှစ်တွင် SFRCP (Edin) ဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။ ကသာ၊ ဖားဆောင်း၊ သာယာဝတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးများတွင် လက်ထောက်ဆရာဝန် အဖြစ်လည်းကောင်း၊ ကထိကသမားတော်ကြီးအဖြစ် ရန်ကုန်ဆေးတက္ကသိုလ် (၁) နှင့် မန္တလေး ဆေးရုံကြီးတွင် လည်းကောင်း၊ ၊ ပါမောက္ခ သမားတော်ကြီးအဖြစ် ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ အသည်းပညာ ဌာနနှင့် ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် ပင်စင်ယူခဲ့သည်။မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းကို စတင် တည်ထောင်ခဲ့သူဖြစ်ပြီး ဦးဆောင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ အပတ်စဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း ကျန်းမာရေးနှင့် ပတ်သက်သည့် အထွေထွေ ကျန်းမာရေး၊ အသည်းကျန်းမာရေး၊ ဆေးပညာ တိုးတက်မှုဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့ကြောင်း သိရသည်။









