တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လာအိုနိုင်ငံ ဗီယန်ကျင်း၌ သီးခြားတွေ့ဆုံရန်ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လာအိုနိုင်ငံ ဗီယန်ကျင်း၌ သီးခြားတွေ့ဆုံရန်ရှိ
Published 22 July 2016
နေထွန်းနိုင်၊ နေသီဟ

၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ပြုလုပ်နေစဉ် ကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ လာအိုနိုင်ငံ၊ ဗီယန်ကျင်း၌ သီးခြားတွေ့ဆုံ ရန်ရှိကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး တက်ရောက်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဒေသတွင်းနှင့် နိုင်ငံတကာမှ နိုင်ငံခြားရေး ဝန်ကြီးအချို့နှင့် သီးခြားတွေ့ဆုံရန်ရှိပြီး ထိုသို့ တွေ့ဆုံမှုများအနက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်တွေ့ဆုံမည့် အစီအစဉ်လည်း ပါဝင်ခြင်းဖြစ်ကြောင်း အာဆီယံ သံတမန် အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်အချို့က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ဇူလိုင် ၂၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယန်ကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ကျင်းပရာ ဗီယန်ကျင်းရှိ အမျိုးသား ကွန်ဗင်းရှင်းစင်တာတွင် သီးခြားတွေ့ဆုံမည် ဖြစ်ပါသည်။ ထို့နောက် ဂျာကာတာ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရေးရာ သံတမန်များနှင့် အဆိုပါ အဆောက်အအုံ၌ပင် တွေ့ဆုံပြီး ညနေပိုင်းတွင် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံရန် ပြင်ဆင်ထားပါသည်။
ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသား ကွန်ဗင်းရှင်းစင်တာ၌ သီးခြားတွေ့ဆုံ ပြီး ထိုနောက်ပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ဗီယန်ကျင်းမြို့ရှိ တုန်ချန်း ဟိုတယ်တွင် သီးခြားတွေ့ဆုံမည် ဖြစ်ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဧပြီလဆန်းပိုင်းက နေပြည်တော်၌ ပထမဆုံး တွေ့ဆုံထားပြီး ယခုဒုတိယအကြိမ် တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် NLD အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး လာရောက် တွေ့ဆုံခဲ့သော နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ပြီး ဝမ်ယီ၏ ခရီးစဉ်သည် မြန်မာအစိုးရသစ်ကို ဂုဏ်ပြုရန် အဓိက လာရောက်ခြင်း ဖြစ်သည်ဟု ၎င်းတို့ တွေ့ဆုံမှုအပြီး ပြုလုပ်သေ ာပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
ပထမဆုံး တွေ့ဆုံမှု၌ မြစ်ဆုံဆည် စီမံကိန်းကိစ္စကို အသေးစိတ် ဆွေးနွေးခဲ့ခြင်း မရှိသည့်အပြင် မြစ်ဆုံဆည် စီမံကိန်းစာချုပ်နှင့် ပတ်သက်ပြီး အသေးစိတ် မဖတ်ရသေးသည့်အတွက် ပြည်သူလူထုကိုချပြရန် ခက်ခဲကြောင်း သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရာ၌ ထည့်သွင်းပြောကြားသည်။
၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေး အပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်မည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ရောက်ရန် ဇူလိုင် ၂၄ ရက် နံနက်ပိုင်း၌ ဗီယန်ကျင်းသို့ ရောက်ရှိမည် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကာလအတွင်း ဘရူနိုင်း၊ ဗီယက်နမ်၊ တရုတ်အစရှိသော နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံမည် ဖြစ်သော်လည်း အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ဗီယန်ကျင်းတွင် သီးခြားတွေ့ဆုံရန် အစီအစဉ် မရှိကြောင်း ဇူလိုင် ၂၂ ရက် ညပိုင်းအထိ ရရှိသော အချက်အလက်များအရ သိရသည်။
၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ခြောက်ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ၂၃ ကြိမ်မြောက် အာဆီယံဒေသတွင်းဆိုင်ရာ ဖိုရမ်တို့ကို ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်း၌ ဆက်တိုက် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးများ အတွက် အကြိုပြင်ဆင်မှု အစည်းအဝေးများကို ဇူလိုင် ၁၉ ရက်မှ စတင် ပြုလုပ်နေပါသည်။
ဇူလိုင် ၂၂ ရက်တွင် အာဆီယံအကြီးတန်း အရာရှိများ၏ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်လင်း၊ အာဆီယံဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
 

Most Read

Most Recent