တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား ၆၅ နှစ်ထက် မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု အမိန့်နှင့် ညွှန်ကြားချက်ကို ပြင်ဆင်ထား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား ၆၅ နှစ်ထက် မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု အမိန့်နှင့် ညွှန်ကြားချက်ကို ပြင်ဆင်ထား
Published 20 July 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား ၆၅ နှစ်ထက် မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု ကကန ကောင်စီ၏ အမိန့်နှင့် ညွှန်ကြားချက်ကို ပြင်ဆင်ထားသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။“ကျွန်တော်တို့ တပ်မတော်မှာ ၅၉ ခုနှစ် အက်ဥပဒေဆိုတာ ရှိပါတယ်။ ဒါက အရင်တုန်းက အိန္ဒိယမှာ ရှိနေတဲ့ ၅၉ အက်ကို ကော်ပီ လုပ်ပြီးတော့ ကျွန်တော်တို့ တပ်မတော်မှာ ကျင့်သုံးနေတာ။ ဒီအိန္ဒိယက ၅၉ အက်သည် ဗြိတိသျှ အုပ်ချုပ်စဉ်တုန်းက ရေးဆွဲခဲ့တဲ့ အက်ဥပဒေလို့ သိရပါတယ်။ အဲဒီ အက်အရ ကျင့်သုံးတဲ့ အခါမှာ ကကနကောင်စီ ညွှန်ကြားလွှာဆိုပြီး နည်းဥပဒေပေါ့လေ။ အက်ဥပဒေကနေ နည်းဥပဒေကို ထုတ်တဲ့အခါမှာ ညွှန်ကြားလွှာဆိုတာ ထုတ်လို့ ရပါတယ်။ နည်းဥပဒေအရ ဆိုရင်။ ၁၉၇၃ ခုနှစ်တုန်းက ကကနကောင်စီ ညွှန်ကြားလွှာ ၁၈/၇၃ ဆိုတာ ထုတ်ခဲ့တာ ရှိပါတယ်။ အဲဒီမှာ ဘာဖော်ပြထားလဲဆိုတော့ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရတဲ့ သူဟာ မိမိကို စစ်ဘက်မှာ ဆက်လက် အမှုထမ်းဆောင်စေရန် လိုအပ်တဲ့ ကာလပတ်လုံး အမှုထမ်းဆောင်နိုင်ခွင့် ရှိသည်ဆိုတဲ့ အချက် တစ်ချက် ပါပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။“လက်ရှိ အစိုးရသည် ဒီမိုကရေစီ အစိုးရခေတ်။ ဒီမိုကရေစီ အစိုးရခေတ်မှာ ဘာပဲ ပြောပြော ခုနတုန်းက ကကနကောင်စီ ညွှန်ကြားလွှာ အနေနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ အက်ဥပဒေနဲ့ နည်းဥပဒေနဲ့ ကိုက်ညီခြင်း ရှိမရှိ ဆိုတာ ကျွန်တော်တို့ လေ့လာဖို့ လိုအပ်ပါတယ်။ ဒီလို လေ့လာမယ် ဆိုရင် ခုနတုန်းက ပြောခဲ့သလိုပဲ ၁၈/၇၃ မှာ သူက အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်နိုင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ တပ်မတော်မှာ အလိုရှိသလောက် အလိုရှိတဲ့ ကာလပတ်လုံးမှာ စစ်မှုထမ်းဆောင်ခွင့် ရှိတယ်ဆိုတဲ့ အနေအထားရတယ်။ ဆိုတော့ ဒါသည် လက်ရှိ ကျင့်သုံးနေသည့် စနစ်နဲ့ ကိုက်ညီဖို့ဆိုရင် တို့က ကန့်သတ်ချက် တစ်ခုတော့ လုပ်ဖို့တော့ လိုအပ်မယ်။ ဒါကြောင့်မို့ ထိရောက်မျှတတဲ့ သက်တမ်း ကာလတစ်ခုကို ကန့်သတ်ပေးဖို့ လိုအပ်မယ်လို့ ကျွန်တော်တို့ တွက်ချက်ပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို၊ ကကန ကောင်စီ အမိန့်ကို ပြန်လည်ပြင်ဆင်ပြီး ထုတ်လိုက်တယ်။ ၂၀၁၄ ခုနှစ် ၄/၂၀၁၄ ကကန ကောင်စီအမိန့်။ အဲဒီမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ၆၅ နှစ်ထက် မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဆိုပြီး အမိန့်နဲ့ ညွှန်ကြားချက်ကို ပြင်ဆင်လိုက်တာတွေ ရှိပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက” ကျန်တဲ့ စစ်မှုထမ်းတွေ အတွက်ကျတော့  ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နယ်ဘက် ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တွက်ရချက်ရတဲ့ အခါမှာ ဥပမာအားဖြင့် ပင်စင်ယူတဲ့ အခါမှာ အသက် ၆၀ ဆိုရင် သူ့ရဲ့ ဂရက်ဂျူတီ ဘယ်လိုသွားမလဲ စသည်ဖြင့် တွက်ရချက်ရတာတွေ ရှိတဲ့ အခါကျတော့ ကျန်တဲ့ အဆင့်တွေ အတွက်ကို ကျွန်တော်တို့က သီးခြား အနေနဲ့ အသက် ၆၀ လို့ပဲ သတ်မှတ်ပြီးတော့ ဖော်ပြထားတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ ဖြေကြား လိုပါတယ်” ဟု မီဒီယာများသို့ ပြောကြားသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ၁/၂၀၁၆ နှင့် ထပ်မံ၍ ကကနကောင်စီ ညွှန်ကြားလွှာ တစ်ခု ထုတ်ခဲ့ကြောင်း၊ အဆိုပါ ညွှန်ကြားလွှာအရ ဗိုလ်ချုပ်ကြီး ဆိုပါက ဗိုလ်ချုပ်ကြီး အဆင့်နှင့် လေးနှစ် တာဝန်ထမ်းဆောင်ပြီးပါက ပင်စင်ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။“ဒုတိယ ဗိုလ်ချုပ်ကြီး ဆိုလို့ရှိရင် ကျွန်တော်တို့ အရင်တုန်းက စမ်းသပ်ကာလ တစ်နှစ်ဆို တာရှိပါတယ်။ အခုဆိုရင် စခန့်တာက ဒုတိယဗိုလ်ချုပ်ကြီးကို အတည်ရွေးပါတယ်။ ငါးနှစ် ဒုတိယ ဗိုလ်ချုပ်ကြီး အနေနဲ့ တာဝန် ထမ်းဆောင်ပြီးလို့ ရှိရင် သူပင်စင်ယူပါတယ်။ ဗိုလ်ချုပ်ဆိုလို့ရှိရင် စမ်းသပ်ကာလ တစ်နှစ် ရှိပါတယ်။ စမ်းသပ်ကာလ တစ်နှစ်အပေါင်း နောက်ထပ် ဗိုလ်ချုပ်အဆင့်နဲ့ ငါးနှစ်၊ စုစုပေါင်း ခြောက်နှစ်ပြည့်ပြီးတဲ့ အခါမှာ ပင်စင်ယူရမယ်။ ဗိုလ်မှူးချုပ် ဆိုလို့ရှိရင်လည်း စမ်းသပ်ကာလ တစ်နှစ်အပေါင်းနောက် ဗိုလ်မှူးချုပ် အဆင့်နဲ့ခြောက်နှစ်၊ စုစုပေါင်း ခုနစ်နှစ်နေလို့ ရှိရင် ပင်စင်ယူရမယ် ဆိုပြီးတော့ သတ်မှတ် ပြဋ္ဌာန်းထားတာလေးတွေ ရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

Most Read

Most Recent