ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ ဖက်ဒရယ်မူ အပြည့်အဝလိုအပ်ပြီး အစိုးရအနေဖြင့် မိုင်ဂျာယန်အစည်းအဝေး ရလဒ်ကို လက်ခံနိုင်ရန် မျှော်လင့်ကြောင်း ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင်၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးသို့ ဖိတ်ကြားခြင်း ခံထားရသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ မိတ်ဖက်ပါတီ တစ်ခုဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) နှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ၏ အဖွဲ့ဝင် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) တို့မှ ခေါင်းဆောင်များက ထိုကဲ့သို့ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
“အဲဒီ မိုင်ဂျာယန်ညီလာခံကတော့ အရေးကြီးပါတယ်။ အခုဟာက ၂၁ ရာစု ပင်လုံညီလာခံကို ဦးတည်နေတဲ့အချိန်၊ ခြေလှမ်းလှမ်းနေတဲ့အချိန်။ သူတို့က တိုင်းရင်းသားဘက်ကလည်း အာရုံစိုက်ဖို့၊ ပြင်ဆင်ဖို့ လုပ်နေကြတာ။ အဲဒီ ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြစရာ ရှိတာတွေပေါ့။ ဖက်ဒရယ် ဖွဲ့စည်းပုံက အခု ကျွန်တော် စူးစမ်းမိသလောက်ဆိုရင် အဓိကခေါင်းစဉ်ပေါ့။ လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာလည်း ဖက်ဒရယ်အကြောင်းပဲ ဆွေးနွေးမှာပါ။ အခုက ကျွန်တော်တို့က ဖက်ဒရယ်ဆိုတဲ့ နေရာမှာ ဘယ်လိုဖက်ဒရယ် ပုံစံမျိုးကို လိုလားသလဲ ညှိနှိုင်းရမယ်။ အစိုးရဘက်က ဘယ်လို စဉ်းစားထားသလဲပေါ့။ အဲဒါကို ညီလာခံရောက်တဲ့အခါကျမှ အမြင်သဘောထားတွေ စုပြီးတော့မှ ဝိုင်းဝန်း ဆွေးနွေးပြီးတော့မှ ဘုံသဘောတူညီမှု ရရှိအောင် လုပ်ကြရမှာ။ ဖက်ဒရယ်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စုပုံစံပေါ့။ ဖက်ဒရယ်မူ စစ်စစ်ကို လိုချင်ကြတာပေါ့။ ဖက်ဒရယ်မူ စစ်စစ်ရမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူအခွင့်အရေး ကျွန်တော်တို့ ဒါကို အပြည့်အ၀ ရရှိမှာကိုး။ အဲဒီလို အပြည့်အဝရရှိမှ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် တိုင်းရင်းသားတွေလည်း ရရှိကြမယ်ဆိုတော့ အဲဒါက မကျေနပ်စရာ လက်မခံနိုင်စရာ မရှိတော့။ အဲဒီအခါကျရင်တော့ ငြိမ်းချမ်းရေးဆိုတာ ရရှိလာမှာပေါ့။ ဒါကြောင့်မို့ ပြည်ဝတဲ့ ဖက်ဒရယ်မူ စစ်စစ်ကတော့ အဓိကကျမယ်”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KDP) ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ဇူလိုင် ၁၇ ရက်တွင် ပြောကြားသည်။
ဆက်လက်၍ ၎င်းက “အစိုးရဘက်က စိတ်ကောင်းစေတနာနဲ့ တကယ် ငြိမ်းချမ်းရေးကို ရှေ့ထားပြီး စဉ်းစားမယ်ဆိုရင်တော့ မိုင်ဂျာယန်အစည်းအဝေးရဲ့ ရလဒ်အများစုကို အစိုးရ လက်ခံနိုင်မှာပါ။ တစ်ချက်တလေကတော့ အပြန်အလှန်ဆွေးနွေးမှု ရှိကောင်းရှိမယ်”ဟု သုံးသပ်သည်။
မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးသည် ယခင်က ပြုလုပ်ခဲ့သည့် အစည်းအဝေးများထက် အရှိန်အဟုန် ပိုမိုကောင်းမွန်လာပြီဖြစ်ရာ အဆိုပါညီလာခံမှ ရရှိလာသည့် ရလဒ်ဖြင့် ငြိမ်းချမ်းကို တည်ဆောက်နိုင်မည်ဟု ယူဆကြောင်း ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။
ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌဦးအောင်ခမ်းက “ကျွန်တော်တို့ ၂၁ ရာစ ုပင်လုံညီလာခံကို စာတမ်းတင်တဲ့အချိန်မှာ အဲဒီရလဒ်နဲ့ ကိုက်ညီမှုရှိဖို့ လိုပါတယ်။မြန်မာပြည်မှာကတော့ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်မှပဲ၊ ဖက်ဒရယ်စနစ်နဲ့ အုပ်ချုပ်မှပဲ အဆင်ပြေမှာပါ။ တစ်ပြည်ထောင်စနစ်နဲ့ အုပ်ချုပ်တာဟာ နှစ်ပေါင်း ၆၀ ကျော်သွားပါပြီ။ အခုထိ ငြိမ်းချမ်းရေးကလည်း မရရှိဘူး။ ဖက်ဒရယ်စနစ်နဲ့ သွားမှပဲ ပြည်တွင်းငြိမ်းချမ်းရေးက ဖြစ်မယ်။ ကျွန်တော်တို့ ပြည်နယ်တွေကလည်း တန်းတူအခွင့်အရေးရရှိဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။
ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တစ်ဖွဲ့တည်းသာ ဆွေးနွေးခဲ့ရာ လက်ရှိအခြေအနေတွင် UNA နှင့် NBF တို့ကိုပါ ဖိတ်ကြားထားသောကြောင့် မိုင်ဂျာယန်အစည်းအဝေးသည် ပိုမို ကျယ်ပြန့်လာမည်ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ပိုမိုကြီးမားလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ငါးဦး၊ လေ့လာသူ ငါးဦး တက်ရောက်နိုင်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ ဖက်ဒရယ်မူအပြည့်အ၀ လိုအပ်ပြီး အစိုးရအနေဖြင့် မိုင်ဂျာယန်အစည်းအဝေး ရလဒ်ကို လက်ခံနိုင်ရန် ကချင်ပါတီခေါင်းဆောင်များ မျှော်လင့်