မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ မြို့တော်တွင် ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၁၃) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၌ လက်ခံ ကျင်းပသွားမည်ဟု ပြောကြားသည်။ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး အပြီး၌ ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico? EU ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker၊ EU ကောင်စီဥက္ကဋ္ဌ Donald Tusk၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာ ဇက်ခ်ဟီးလ် ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ဂျ်တို့နှင့်အတူ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။သမ္မတ ဦးထင်ကျော်က ကြွရောက်လာသည့် ဧည့်သည်တော်များ အားလုံးကို ကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် အိမ်ရှင် မွန်ဂိုလီးယားနိုင်ငံ သမ္မတကြီးနှင့် နွေးထွေးကြင်နာ ပျူငှာသည့် မွန်ဂိုလီးယား ပြည်သူများ၏ ဆက်ဆံမှုကို ကျေးဇူးတင်ရှိသည်ဟု ထပ်လောင်း ပြောကြားလိုကြောင်း၊ (၁၁) ကြိမ်မြောက် ASEM အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး အစည်းအဝေး ကျင်းပခဲ့သည့် နှစ်ရက်တာ ကာလအတွင်း ပုံမှန် ဆွေးနွေးမှုများ အပြင် အခြား ဆွေးနွေးမှုများစွာကို ကျွန်တော်တို့ ပူးပေါင်း ဆွေးနွေးခဲ့ကြပါကြောင်း၊ ဦးဆုံး ဆွေးနွေးမှုအဖြစ် ကျွန်တော်တို့ အတူတကွ ဖြတ်သန်းခဲ့သည့် နှစ် ၂၀ ကာလကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး ရှေ့ဆက် လုပ်ဆောင်မည့် ရည်မှန်းချက်များ အောင်မြင်ရန် အတွက်လည်း အလေးထား ဆွေးနွေးခဲ့ပါကြောင်း၊ မတူညီသည့် အခြေခံ အချက်များ ရှိနေသည့် အာရှနှင့် ဥရောပတိုက်ကြီး နှစ်တိုက်အကြား နားလည်မှု ဖော်ဆောင်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ မြှင့်တင်ခြင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှု-ယဉ်ကျေးမှု ဖလှယ်ခြင်းကို ပိုမိုလုပ်ဆောင်ခြင်းနှင့် အခြားဘက်စုံ လုပ်ငန်းစဉ်များကို မြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့သော နှစ်များအတွင်း ASEM အနေဖြင့် ပြည်သူ အချင်းချင်း ဆက်သွယ်မှုကို ပိုမို ဆောင်ရွက်နိုင်ခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို မိမိတို့ မည်ကဲ့သို့ အတူတကွ ဖြေရှင်းနိုင်သည် ဆိုသည့် အမြင်များ ဖလှယ်ရန် အသုံးဝင်သည့် မူဝါဒ တစ်ရပ် မိမိတို့ အားလုံး ဆွေးနွေး ထောက်ခံခဲ့ပါကြောင်း၊ ထို့ပြင် အစဉ်အလာ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်မှောင်ခို တိုက်ဖျက်ရေး၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး၊ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အပါအဝင် ဘုံအကျိုးစီးပွား နယ်ပယ်များ အပေါ် အလေးထားမှုကို တိုးချဲ့ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ပါကြောင်းနှင့် (၁၃) ကြိမ်မြောက် ASEM နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ၂၀၁၇ ခုနှစ်လယ်တွင် မိမိနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။မွန်ဂိုလီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သမ္မတ ဦးထင်ကျော်သည် ဇူလိုင် ၁၅ ရက်တွင် အူလန်ဘာတာမြို့ရှိ ရှန်ဂရီလာ ဟိုတယ်၌ ခရိုအေးရှားနိုင်ငံ သမ္မတ မစ္စကိုလင်ဒါဂဗာကီတရိုဗစ်၊ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဘော့ဘရမ်း၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတ ဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘတ်ခ်ဒေါ့ဂျ် အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဂျတ်ဇူစ်ခါကာတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ယခု ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေး အပြီးတွင် အူလန်ဘာတာ ကြေညာချက်နှင့် ဥက္ကဋ္ဌ နိုင်ငံ၏ ထုတ်ပြန်ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။အူလန်ဘာတာ ကြေညာချက်တွင် ASEM အနေဖြင့် ဆယ်စုနှစ် သုံးခု ပြည့်သည်အထိ အောင်မြင်စွာ ဆက်လျှောက်လှမ်းနိုင်ရန်အတွက် မိမိတို့၏ ဆက်ဆံရေးကို ထပ်မံ အားဖြည့်သွားရန်၊ ထိရောက်သည့် အကျိုးရလဒ်များ ရရှိနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထားရန်၊ ထောင့်ပေါင်းစုံ ပါဝင်သည့် ဆက်ဆံမှုများကို ဆက်လက် ထိန်းသိမ်းရန်၊ အခြားဘက်စုံ လုပ်ငန်းစဉ်များကို မြှင့်တင်ရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ထို့ပြင် ဥက္ကဋ္ဌနိုင်ငံ၏ ထုတ်ပြန်ချက်တွင်လည်း ASEM အဖွဲ့ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ၊ အောင်မြင်မှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် ရည်ရွယ်ချက်များ၊ ၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၃) ကြိမ်မြောက် ASEM နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ASEM ခေါင်းဆောင်များက ကြိုဆိုကြောင်းနှင့် လာမည့် (၁၂) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ၂၀၁၈ ခုနှစ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပါရှိသည်။ယခု ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးသည် နှစ် ၂၀ ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ဥရောပ နိုင်ငံပေါင်း ၃၀ နှင့် မိတ်ဖက် အာရှနိုင်ငံပေါင်း ၂၀ တို့မှ နိုင်ငံ့ခေါင်းဆောင်များ၊ EU ကောင်စီ ဥက္ကဋ္ဌ၊ EU ကော်မရှင် ဥက္ကဋ္ဌ၊ EU နိုင်ငံခြားရေးရာနှင့် လုံခြုံရေး မူဝါဒ အထူးကိုယ်စားလှယ်၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးကို ပထမအကြိမ်အဖြစ် ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေး စတင် ကျင်းပချိန်တွင် အာရှနှင့် ဥရောပတို့မှ နိုင်ငံ ၂၆ နိုင်ငံဖြင့် စတင်ခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၅၃ နိုင်ငံအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
(၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပမည်ဟု အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ ဦးထင်ကျော် ပြောကြား