ပြည်ပမှ လာရောက်မြှုပ်နှံကြသော နိုင်ငံခြား ကုမ္ပဏီများ ရာနှုန်းပြည့် ကုန်ချော ထုတ်လုပ်ခြင်း မရှိဘဲ သစ်ခွဲသား ကုန်ကြမ်းများကိုသာ ပြည်ပ တင်ပို့နေခြင်း ဖြစ်သဖြင့် ဈေးကွက် ဆုံးရှုံးနေ

ပြည်ပမှ လာရောက်မြှုပ်နှံကြသော နိုင်ငံခြား ကုမ္ပဏီများ ရာနှုန်းပြည့် ကုန်ချော ထုတ်လုပ်ခြင်း မရှိဘဲ သစ်ခွဲသား ကုန်ကြမ်းများကိုသာ ပြည်ပ တင်ပို့နေခြင်း ဖြစ်သဖြင့် ဈေးကွက် ဆုံးရှုံးနေ
Published 13 July 2016
နီလာ

ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံကြသော နိုင်ငံခြား ကုမ္ပဏီများမှာ ရာနှုန်းပြည့် ကုန်ချော ထုတ်လုပ်ခြင်း မရှိဘဲ ပြည်တွင်း လုပ်ငန်းရှင်များ နည်းတူ သစ်ခွဲသား ကုန်ကြမ်းများကိုသာ တင်ပို့နေခြင်းကြောင့် တိုင်းရင်းသား လုပ်ငန်းများ ဈေးကွက် ဆုံးရှုံးနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး ကြစေလိုခြင်း၏ ရည်ရွယ်ချက်များတွင် ၁၀၀ ရာခိုင်နှုန်း ကုန်ချောများ ထုတ်လုပ် တင်ပို့စေလိုသည့် အဓိက အချက် ပါဝင်သော်လည်း လက်ရှိ အချိန်အထိ မည်သူမျှ ထုတ်လုပ်ကြခြင်း မရှိကြသည့်အတွက် မြင့်မားသော နည်းပညာနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိတော့သည့် အဖြစ်မျိုး ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်မှ သစ်အခြေခံ စက်မှုလုပ်ငန်းများနှင့် တန်ဖိုးမြင့် ပစ္စည်းများ  ထုတ်လုပ်တင်ပို့မှု ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေး အကြံပြုစာတမ်းတွင် ဖော်ပြထားသည်။နိုင်ငံခြား ကုမ္ပဏီများ၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့သယံဇာတ ကျွန်းသစ်များကို သစ်လုံးပုံပြောင်း စနစ်ဖြင့် Flitches for Veneer များ ပြန်လည် သယ်ယူလိုကြသော ရည်ရွယ်ချက် ဖြစ်နေသဖြင့် မြန်မာနိုင်ငံအတွက် မည်သို့မျှ အကျိုး မပြုနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါ နိုင်ငံခြား ကုမ္ပဏီများအား ပြန်လည် ဆန်းစစ်ပြီး မူဝါဒ ပြင်ဆင်သင့်ကြောင်းလည်း အဆိုပါ စာတမ်းတွင် ဖော်ပြထားသည်။ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် တန်းတူ အခွင့်အရေး၊ ငွေကြေး၊ ဈေးကွက်၊ အခွန် သက်သာခွင့်၊ နည်းပညာများ မရရှိကြကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အားနည်းသော ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် ငွေကြေးအင်အား နည်းပါးလွန်းကြသော SME များသာ အရေအတွက် များနေသောကြောင့် ဈေးကွက်၊ အခွန်သက်သာခွင့်၊ နည်းပညာများ ဆုံးရှုံးနေကြကြောင်း သိရသည်။ထို့ပြင် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် နည်းလမ်းဖြင့် နှစ်ပေါင်းများစွာ စီးဝင်လျက် ရှိသော သစ်တော သယံဇာတများသည်လည်း တူညီသော ဈေးကွက်သို့ ရောက်ရှိသွားသဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ဆုံးရှုံးနေရသည့်အပြင် မြန်မာ့သစ်တောများမှာလည်း ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှု အခြေအနေများ ကင်းဝေးလာရကြောင်း  သိရသည်။သစ်တောကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင် သစ်အခြေခံ စက်မှုလုပ်ငန်းနှင့် ပတ်သက်၍ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အနေဖြင့် ခွင့်ပြု ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု ပထမ ငါးနှစ်ကို အခွန် ကင်းလွတ်ခွင့် ပြုကြောင်း သိရသည်။ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့နှင့် ယှဉ်ပြိုင်ထုတ်လုပ် တင်ပို့နိုင်စေရန် ခွင့်ပြုပြီးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား တန်ဖိုးမြင့် အချောထည်များ တင်ပို့ခြင်း အတွက်သာ အခွန်သက်သာခွင့် ပြုသင့်ကြောင်း၊ အချောထည် မဟုတ်သည့် သာမန်ခွဲသား ခွဲစိတ်တင်ပို့ခြင်းများ အပေါ် ပြည်တွင်းလုပ်ငန်းရှင်များ နည်းတူ အခွန် ကောက်ခံ၍ ပြည်ပတင်ပို့ခွင့် ပြုသင့်ကြောင်း၊ အဆင့်မြင့် နည်းပညာများဖြင့် တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်မည့် ပြည်ပ လုပ်ငန်းရှင်များကိုသာ ထပ်မံခွင့်ပြုရန် အဆိုပါ တိုးတက်ဖွံ့ဖြိုးရေး စာတမ်းတွင် ဖော်ပြထားသည်။