နိုင်ငံတော် နစ်နာစေနိုင်တဲ့ ပန်းခြံ၊ ပန်းဥယျာဉ် အတွင်းက စီးပွားရေး လုပ်ငန်း ငှားရမ်းခတွေ ပြန်စိစစ်ဖို့နဲ့ Brexit ကြောင့် ခုန်တက်နေတဲ့ ပြည်တွင်းရွှေဈေး

နိုင်ငံတော် နစ်နာစေနိုင်တဲ့ ပန်းခြံ၊ ပန်းဥယျာဉ် အတွင်းက စီးပွားရေး လုပ်ငန်း ငှားရမ်းခတွေ ပြန်စိစစ်ဖို့နဲ့ Brexit ကြောင့် ခုန်တက်နေတဲ့ ပြည်တွင်းရွှေဈေး
Published 10 July 2016
ဖြိုးဝေ

ရန်ကုန်မြို့မှာ ရှိနေတဲ့ ပန်းခြံတွေ၊ ပန်းဥယျာဉ်တွေ အတွင်းမှာ စီးပွားရေးဆန်ဆန် လုပ်ကိုင်နေတဲ့ စားသောက်ဆိုင် လုပ်ငန်းတွေမှာ နိုင်ငံတော်အတွက် ငှားရမ်းခရရှိမှု နည်းပါးနေခြင်း ရှိ မရှိနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကော်မတီ တစ်ခုက ပြန်လည် စိစစ်မယ် ဆိုတာနဲ့ EU ကနေ ဗြိတိန် ခွဲထွက်မှု (Brexit) ကြောင့် ဆက်တိုက် ခုန်တက်လာတဲ့ ပြည်တွင်း ရွှေဈေးဟာ ဒီရက်သတ္တပတ်မှာ စံချိန်တင် အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။ရန်ကုန်မြို့က ပန်းခြံတွေရဲ့ အခြေအနေပြီးခဲ့တဲ့ အစိုးရ လက်ထက်က ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအရ ရန်ကုန်မြို့မှာရှိတဲ့ အများပြည်သူ အနားယူ အပန်းဖြေတဲ့ ပန်းဥယျာဉ်တွေ၊ ပန်းခြံတွေထဲက နာမည်ကြီးတွေဖြစ်တဲ့ ကန်တော်ကြီး မျှော်စင်ကျွန်း၊ ပြည်သူ့ရင်ပြင်၊ မြကျွန်းသာ အစရှိတဲ့ နေရာတွေကို ပုဂ္ဂလိကထံ ငှားရမ်းရာမှာ ရရှိတဲ့ ငှားရမ်းခ နှုန်းထားတွေဟာ ခေတ်ကာလနဲ့ လျော်ညီခြင်း မရှိလို့ နိုင်ငံတော်အတွက် များစွာ နစ်နာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ဒီအထဲမှာ နာမည်ကြီး ပန်းခြံတစ်ခုဖြစ်တဲ့ ကန်တော်ကြီး ကရဝိက်ဥယျာဉ် ကမ္ဘာမြေ ၂၅ ဧကကို ဇေကမ္ဘာ ကုမ္ပဏီဆီ တစ်နှစ်ကျပ်သိန်း ၃၀၀ နဲ့ ငှားရမ်းထားတာ၊ ပြည်သူ့ရင်ပြင် အတွင်းက မြေ ၇၆ ဒသမ ၃၆ ဧကကို Natural World ကုမ္ပဏီကို ငှားရမ်းထားတာနဲ့ တစ်ဧကကို တစ်လကျပ် သုည ဒသမ ၀၃၅ သန်း (ကျပ် ၃၅၀၀၀) သာ ရရှိလို့ နိုင်ငံတော်အတွက် နစ်နာနေတယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာက ဆိုခဲ့ပါတယ်။ဒါပေမဲ့ ဒီလို ငှားရမ်းခတွေထဲက ကန်တော်ကြီး မျှော်စင်ကျွန်းရဲ့ ငှားရမ်းခ တစ်နှစ်ကျပ်သိန်း ၃၀၀ ကို ကျပ်သိန်း ၆၀၀ အထိ တိုးမြှင့်ခဲ့ပြီး ပြည်သူ့ရင်ပြင်ကိုလည်း ငှားရမ်းခ တိုးမြှင့်ခဲ့တယ်လို့ ယခင်အစိုးရ လက်ထက်က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဖြေကြားထားပါတယ်။ဒီနေရာမှာ ကန်တော်ကြီး မျှော်စင်ကျွန်းရဲ့ တစ်နှစ် အမြတ်အစွန်းကို ပြန်ကြည့်မယ် ဆိုရင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကန်တော်ကြီး မျှော်စင်ကျွန်း အမြတ်အဖြစ် ဝင်ငွေခွန် ကျပ်သန်း  ၅၀ အောက် ပေးဆောင်ထားတာ တွေ့ရပါတယ်။ ဂိတ်ဝင်ကြေး ဆိုတဲ့ ခေါင်းစဉ်ကနေ ပေးဆောင်ခဲ့တဲ့ ဝင်ငွေခွန် ကျပ်သန်း ၅၀ ကို ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီးဖြစ်တဲ့ ဒေါ်ဇေဇင်လတ် အမည်နဲ့ ပေးဆောင်ထားတာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ဝင်ငွေခွန် စနစ်ကို ပြန်လည် တင်ပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ က အခွန်သက်သာခွင့်တွေ မနုတ်မီ ကုမ္ပဏီရဲ့ အသားတင် အမြတ်ဝင်ငွေ အပေါ်မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခွန်စည်းကြပ်ရပါတယ်။ ဒါ့ကြောင့်မို့ ကန်တော်ကြီး မျှော်စင်ကျွန်းရဲ့ တစ်နှစ်တာ အမြတ်အစွန်းဟာ သန်း ၂၀၀ (သိန်း ၂၀၀၀) ခန့် ရှိမယ်လို့ အကြမ်းဖျင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ပြန်လည် စိစစ်တော့မယ့် ပန်းခြံတွေထဲက စီးပွားရေး ဆန်ဆန် စားသောက်ဆိုင် လုပ်ငန်းတွေရန်ကုန်မြို့မှာ ရှိနေတဲ့ ပန်းခြံတွေ၊ ပန်းဥယျာဉ်တွေ အတွင်းမှာ စီးပွားရေးဆန်ဆန် လုပ်ကိုင်နေတဲ့ စားသောက်ဆိုင် လုပ်ငန်းတွေမှာ နိုင်ငံတော်အတွက် ငှားရမ်းခ ရရှိမှု နည်းပါးနေခြင်း ရှိ မရှိနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကော်မတီ တစ်ခုဖြစ်တဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက စိစစ်သွားမယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုပါတယ်။ဒေါ်စန္ဒာမင်းက ဘာ့ကြောင့် ပြောတာလဲ ဆိုရင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွေမှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ စစ်ဆေး တွေ့ရှိချက်တွေကို လေ့လာမှုအရ ဒီလို နိုင်ငံတော်က နစ်နာမှုများကို ပြန်လည် စိစစ်ဖို့ လုပ်ဆောင်နေတာလို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။Brexit ကြောင့် ဆက်တိုက် ခုန်တက်လာတဲ့ ပြည်တွင်း ရွှေဈေးEU ကနေ ဗြိတိန်ခွဲထွက်မှု (Brexit) ကြောင့် ဆက်တိုက် ခုန်တက်လာတဲ့ ပြည်တွင်း ရွှေဈေးဟာ ဒီရက်သတ္တပတ်မှာ စံချိန်တင် အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့တာ တွေ့ရှိရပါတယ်။Brexit ကြောင့် မြန်မာနိုင်ငံကိုလည်း ထိခိုက်မယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပြီး ပထမဆုံး သက်ရောက်လာမှုကတော့ ရွှေဈေး မြင့်တက်မှုလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ပြည်တွင်းရွှေဈေးဟာ ဇွန်လ ဒုတိယပတ်ကစပြီး အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ရှစ်သိန်းကျော်အထိ မြင့်တက်ခဲ့ရာက နောက်ပိုင်းမှာ ကျပ် ၈၁၀၀၀၀ ကျော်၊ ကျပ် ၈၂၀၀၀၀ ကျော်အထိ ဖြစ်လာခဲ့ပါတယ်။ ဇူလိုင် ၆ ရက်မှာ တစ်ကျပ်သားကို ကျပ် ၈၃၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ဇူလိုင် ၇ ရက် ပြည်တွင်း ဈေးကွက်အတွင်း အခေါက် ရွှေတစ်ကျပ်သားကို ကျပ် ၈၃၄၅၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် တစ်ကျပ်သားကို ကျပ် ၇၈၅၄၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။ ဒီလို ဈေးနှုန်း မြင့်တက်မှုဟာ သမိုင်းတစ်လျှောက် ရွှေဈေး အမြင့်ဆုံး မြင့်တက်မှုတွေလည်း ဖြစ်ပါတယ်။“ပြည်တွင်း ရွှေဈေးက ကမ္ဘာ့ ရွှေဈေးတက်လို့ တက်နေတာ။ ကမ္ဘာ့ရွှေဈေးက EU ကိစ္စကြောင့် နိုင်ငံတကာမှာ ရွှေအဝယ် များနေပြီး နိုင်ငံတကာ ဈေးကလည်း တစ်ရက်တည်းကို ၁၀ ဒေါ်လာ နီးပါးလောက် တက်သွားတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ အရောင်းအဝယ် ပုံမှန်ပါပဲ” လိ့ု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုပါတယ်။တကယ်ဆို Brexit ကြောင့် မြန်မာနိုင်ငံ အပေါ် ရိုက်ခတ်နိုင်တာဟာ ရွှေဈေးတစ်ခုတည်း မဟုတ်ဘဲ ဒေါ်လာဈေး၊ ခရီးသွားကဏ္ဍ စတဲ့ စီးပွားရေးကဏ္ဍ အသီးသီး အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်လို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားသင့်တဲ့ အခြေအနေပါလို့ စီးပွားရေး ပညာရှင်တွေက ကြိုတင် သုံးသပ်ထားမှုတွေ ရှိလာနိုင်တယ်လို့ တင်ပြရင်း စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။