တနင်္သာရီတိုင်းဒေသကြီး မြန်မာ-ထိုင်း နယ်စပ် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း အနီးရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) မှ ဖွင့်လှစ်ထားသည့် ဂိတ်အမြန်ဆုံး ပိတ်သိမ်းဖယ်ရှားပေးရန် အကြောင်းကြားမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဒုတိယဥက္ကဋ္ဌ (၁) တာဝန်မှ နုတ်ထွက်ခွင့် တောင်းဆိုထားသည့် KNU ကိုယ်စားလှယ်အား ဆက်လက်တာဝန် ထမ်းဆောင်ရန် ညှိနှိုင်းနေပြီး အကယ်၍ နုတ်ထွက်သွားပါကလည်း အစားထိုး ခန့်အပ်မည်ဖြစ်ကြောင်း အစိုးရနှင့် KNU အဖွဲ့ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။
တနင်္သာရီတိုင်းအဆင့် JMC ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က မြိတ်မြို့တွင် ဖွဲ့စည်းခဲ့ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်စိုးက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး KNU/KNLA တပ်မဟာ (၄) စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောမူကယ်က ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ယူခဲ့ကာ အစိုးရ၊ တပ်မတော်နှင့် KNU ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက “သူနုတ်ထွက်စာတင်ပြီး နောက်တစ်ရက်မှာပဲ အစည်းအဝေး လုပ်ဖြစ်တယ်။ အစည်းအဝေးလုပ်တော့ တော်တော်များများလည်း အဆင်ပြေတယ်လို့ သိရတယ်။ အဆင်ပြေတယ်လို့ သိရတော့ JMC ဥက္ကဋ္ဌ ကိုယ်တိုင်ကတော့ ပြောပါတယ်။ ဒုဥက္ကဋ္ဌကို ပြောပါတယ်။ မနုတ်ထွက်ပါနဲ့။ ခင်ဗျား နုတ်ထွက်စာကလည်း ပြန်ပြီးတော့ စဉ်းစားပါဆိုပြီး အဲဒီလို ပြောထားပါတယ်။ လက်ရှိမှာတော့ တင်းမာမှုတွေ မရှိဘူး။ ဒီအစည်းအဝေး ပြီးသွားတော့ နှစ်ဖက်စလုံးက ကျေကျေနပ်နပ် ဖြစ်သွားတယ်လို့ ကြားပါတယ်” ဟု ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ဇူလိုင် ၂ ရက်က မြိတ်မြို့ရှိ JMC-S ရုံးတွင် ကျင်းပရာ အစိုးရ၊ တပ်မတော်နှင့် KNU ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်း ဒေသကြီး JMC ဒုတိယဥက္ကဋ္ဌ (၁) တာဝန်မှ KNU ကိုယ်စားလှယ် နုတ်ထွက်စာ တင်ထားမှုနှင့် ပတ်သက်၍ KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ဒါက JMC မှာ ပြည်ထောင်စုအဆင့် ရှိတယ်လေ။ သူတင်တာက ကျွန်တော်တို့ အဖွဲ့အစည်းကို တင်တာမဟုတ်ဘူးလေ။ ဒါက သွားဖွဲ့စည်းတဲ့ JMC ပြည်ထောင်စု အဆင့်မှာ တင်ရမှာကိုး။ သွားဖွဲ့ ပေးတော့ ပြည်ထောင်စု အဆင့်ကနေ ပြန်ပြီးတော့ စီစဉ်ဆောင်ရွက်မှာပေါ့။ တကယ်လို့ သူကတာဝန် မထမ်းဆောင်နိုင်လို့ ရှိရင်တော့ ကိုယ်စားထိုးမှုတော့ လုပ်ရမှာပေါ့။ တစ်ခုခုပေါ့လေ။ ငြိမ်းချမ်းရေး အတွက်ကတော့ ရှေ့ဆက်သွားမှာပဲ” ဟု ပြောကြားသည်။
တနင်္သာရီတိုင်းအဆင့် JMC ဒုတိယဥက္ကဋ္ဌ (၁) တာဝန်မှ နုတ်ထွက်ခွင့် တောင်းဆိုထားသည့် KNU ကိုယ်စားလှယ်အား ဆက်လက်တာဝန် ထမ်းဆောင်ရန် ညှိနှိုင်းနေပြီး နုတ်ထွက်ပါက အစားထိုးမည်















