ယခင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု ဗျူဟာများကြောင့် အပစ်အခတ် ရပ်စဲထားသည့် ဒေသများတွင် လုံခြုံရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွင့်အလမ်းများ တိုးမြင့်လာသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် မြေသိမ်းဆည်းမှုကဲ့သို့ ခြိမ်းခြောက်မှု အသစ်များ မြင့်တက်လာ

ယခင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု ဗျူဟာများကြောင့် အပစ်အခတ် ရပ်စဲထားသည့် ဒေသများတွင် လုံခြုံရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွင့်အလမ်းများ တိုးမြင့်လာသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် မြေသိမ်းဆည်းမှုကဲ့သို့ ခြိမ်းခြောက်မှု အသစ်များ မြင့်တက်လာ
Published 6 July 2016
ဖြိုးဝေ

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအပြီး နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် USDP အစိုးရ၏ ဗျူဟာများကြောင့် မြန်မာနိုင်ငံ အနှံ့တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး လုပ်ငန်းများနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်နေသည့် နယ်မြေများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ယင်းနှင့် ဆက်စပ်မှုရှိသည့် မြေယာသိမ်းဆည်းခြင်းများ များပြားလာပြီး အပစ်အခတ် ရပ်စဲထားသည့်အတွက် လုံခြုံရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွင့်အလမ်းများ တိုးမြင့်လာသော်လည်း ထိုနယ်မြေများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မြေယာ သိမ်းဆည်းခြင်းကဲ့သို့ ခြိမ်းခြောက်မှု အသစ်များ သိသာစွာများ ပြားလာကြောင်း တိုင်းရင်းသား လူမျိုးများ လူထုဖွံ့ဖြိုးရေး ဆုံရပ်မှ ထုတ်ပြန်သည့် ‘ကျွနု်ပ်တို့၏ ဓလေ့ထုံးတမ်း မြေယာ၊ မြန်မာနိုင်ငံအတွင်း လူထုကို အခြေခံသည့် ရေရှည်တည်တံ့ ခိုင်မြဲသော စီမံခန့်ခွဲမှု’ အစီရင်ခံစာ အရ သိရှိရသည်။တိုင်းရင်းသား လူမျိုးများ လူထုဖွံ့ဖြိုးရေး ဆုံရပ်ကို မြန်မာနိုင်ငံအတွင်း လူထုဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်နေသည့် အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကချင်လူထု ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့၊ ကရင် ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး၊ ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေး ပင်မ၊ ချင်းလူထု ဖွံ့ဖြိုးရေး ကွန်ရက်၊ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး၊ ရှမ်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းတို့ ပါဝင်ကာ အထက်ပါ အစီရင်ခံစာအတွက် ပြည်နယ်ခုနစ်ခုမှ ကျေးရွာ ခုနစ်ခုကို သုံးနှစ်ကြာ ရွေးချယ်၍ သုတေသန ပြုခဲ့ကြောင်း သိရသည်။တိုင်းရင်းသား လူမျိုးများ လူထုဖွံ့ဖြိုးရေး ဆုံရပ်မှ ၂၀၁၄ ခုနှစ်မှ လေ့လာခဲ့၊ စစ်တမ်း ကောက်ခဲ့သည့် ကျေးရွာအုပ်စုများ၏ ၅၅ ရာခိုင်နှုန်းသည် ၂၀၁၂ ခုနှစ် အပစ်အခတ် ရပ်စဲရေး လက်မှတ်များ ရေးထိုးပြီးသည့် အချိန်မှစ၍ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ စီးပွားဖြစ် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုများ၏ သက်ရောက်မှု ဒဏ်များကို ခံနေကြရသည်။ထိုသို့ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ရေတို အကြံပြုချက်များ အဖြစ် လက်ရှိ အစိုးရ အနေနှင့် လုပ်ဆောင်သင့်သည့် အချက်များအဖြစ် ရိုးရာဓလေ့ ထုံးတမ်း မြေယာ စီမံခန့်ခွဲရေး ကာကွယ်ရန် အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ နောက်ဆုံး မြေယာဥပဒေ အသစ် ပြဋ္ဌာန်းခြင်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိသည် အထိ ရိုးရာဓလေ့ ထုံးတမ်း မြေယာ စီမံခန့်ခွဲရေးစနစ် ကျင့်သုံးနေသည့် ဧရိယာများ အတွင်း မြေယာ သိမ်းယူခြင်းများကို ဆိုင်းငံ့ထားခြင်း၊ ရိုးရာဓလေ့ ထုံးတမ်းဖြင့် မြေယာ စီမံခန့်ခွဲခြင်း ကျင့်သုံးနေသော ရွာများ အားလုံးကို မည်သည့် အာဏာပိုင်ကမျှ ခြိမ်းခြောက်ခြင်း နှောင့်ယှက်ခြင်း မပြုသင့်သည့်အပြင် လက်တွေ့ ကျင့်သုံးမှုအား တိုးတက်အောင် အားပေးခြင်းနှင့် ကာကွယ်ခြင်း၊ ၎င်းတို့၏ ရွာများ ကိုယ်ပိုင်ရွာ မြေပုံဆွဲခြင်း၊ ရွာမြေယာပိုင် လက်မှတ် ပြုလုပ်ခြင်းနှင့် ရွာနယ်နိမိတ် သတ်မှတ်ခြင်း၊ အာဏာပိုင်များ တစ်သီးပုဂ္ဂလ မြေယာ လက်မှတ်များ လာရောက် လုပ်ဆောင်ရာတွင် အဆိုပါ ဒေသရှိ ရွာစနစ်များနှင့် မကိုက်ညီ၍ ရွာသူရွာသားများ ပယ်ချပါက မည်သည့် အာဏာပိုင်ကမှ ခြိမ်းခြောက်ခြင်း နှောင့်ယှက် အရေးယူခြင်း မပြုလုပ်ရန် လုပ်ဆောင်သင့်ကြောင်း အစီရင်ခံစာက ဆိုသည်။ထို့ပြင် နိုင်ငံအုပ်ချုပ်ရေး ပုံစံအသစ် မပြောင်းခင် ကာလအထိ တိုင်းရင်းသား ပြည်နယ်တွင်း ရိုးရာဓလေ့ ထုံးတမ်းဖြင့် ရပ်ရွာ အုပ်ချုပ်ရေး စနစ် ကျင့်သုံးနေခြင်းအား ဗဟို အစိုးရမှ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုသင့်ကြောင်းနှင့် မြန်မာနိုင်ငံ မြေယာ စီမံခန့်ခွဲမှု စနစ် အဆင့်တိုင်းတွင် အသိအမှတ်ပြု ပါဝင်သင့်သည့် အချက်များအဖြစ် အမျိုးသမီးများတွင် မြေယာ အမွေဆက်ခံပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍများ၌ ပူးပေါင်းပါဝင်ခွင့် ရှိသင့်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးမူများကို လေးစား လိုက်နာရန် လိုအပ်မည်ဟု အစီရင်ခံစာက ဖော်ပြသည်။ယင်းအပြင် မြန်မာနိုင်ငံ အတွင်းနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ အစုအဖွဲ့ ကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် ရိုးရာဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှု စနစ်အား တရားဝင် အသိအမှတ်ပြုရေးအတွက် လူထုတိုက်ရိုက် ချဉ်းကပ် စည်းရုံး လှုံ့ဆော်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများအား တိုက်ရိုက်ထောက်ပံ့သင့်ပြီး ရေရှည် စီမံချက်အဖြစ် တိုင်းရင်းသား ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှု စနစ်သည် ဗဟိုချုပ်ကိုင်မှု မရှိသော တရားဝင် မူဘောင်အဖြစ် အနာဂတ် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ထည့်သွင်းပြဋ္ဌာန်း၍ ရပ်ရွာနယ်နိမိတ်ပေါ် အခြေခံပြီး ရိုးရာ/လူထု မြေယာပိုင်ဆိုင်သည့် တရားဝင် စာရွက်စာတမ်းနှင့် မြေပေါ်မြေအောက် အရင်းအမြစ်များ ပါဝင်ရန် လိုအပ်မည်ဟု အစီရင်ခံစာက ဖော်ပြသည်။