ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး မူဝါဒများ ဆက်လက် ရယူမည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး မူဝါဒများ ဆက်လက် ရယူမည်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) နှင့် UNFC ကိုယ်စားလှယ်အဖွဲ့ DPN တို့ ရန်ကုန်မြို့၌ ဇူလိုင် ၁ ရက်က တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) နှင့် UNFC ကိုယ်စားလှယ်အဖွဲ့ DPN တို့ ရန်ကုန်မြို့၌ ဇူလိုင် ၁ ရက်က တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
Published 3 July 2016
အောင်ဇော်ထွန်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး မူဝါဒများ ဆက်လက်ရယူမည် ဖြစ်ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ၏ ပြောကြားချက်အရ သိရသည်။အစိုးရ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးကို မျှော်မှန်း၍ ပြည်ထောင်စု တိုင်းရင်းသားများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို ကျင်းပမည်ဖြစ်ရာ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်လာရေးနှင့် ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညီလာခံအကြို ပြင်ဆင်ရေး ကော်မတီကို မေလအတွင်းက ဖွဲ့စည်းခဲ့ပြီး ကော်မတီ အနေဖြင့် မူဝါဒဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြ၍ လမ်းညွှန်မှု ခံယူရန် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ညီလာခံအကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “ကော်မတီ (၁) ကလည်း သူတို့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ (၂) ကလည်း ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ သုံးရက်နေ့မှာ ကော်မတီ အချင်းချင်း တွေ့မယ်။ လေးရက်နေ့မှာ ဆပ်ကော်မတီ (၁) နဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့မယ်။ ပြီးလို့ ရှိရင်တော့ ဒီကြားထဲမှာ ကျွန်တော်တို့ နေပြည်တော်မှာ ရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ဖို့ပေါ့။ အဲဒါကတော့ အခု ကျွန်တော်တို့ ၃၊ ၄၊ ၅၊ ၆ လေးရက် နေပြည်တော်မှာ ရှိမယ်။ အဲဒီရက် အတွင်းမှာပဲ ကျွန်တော်တို့ တွေ့ဆုံနိုင်ဖို့ တင်ပြထားပါတယ်။ ကျွန်တော်တို့ အချင်းချင်းတွေ ဆွေးနွေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့က ပြန်ပြီးတော့ တင်ပြရမှာပဲ။ တင်ပြပြီးရင်တော့ သူနဲ့လည်း မူဝါဒ ယူသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျွန်တော်တို့ အနေနဲ့ ဒါကို ဆွေးနွေးရမယ့် အနေအထား ရှိတာပေါ့။ အဲဒီတော့မှ ပေါ်လစီတွေက ထပ်ရလာမှာ” ဟု ဇွန် ၂ ရက်က ပြောကြားသည်။အကြိုပြင်ဆင်ရေး ကော်မတီ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းရန် ဆပ်ကော်မတီ (၁) ကို ဖွဲ့စည်းခဲ့ပြီး NCA လက်မှတ်ထိုးခြင်း မပြုရသေးသော တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းရန် ဆပ်ကော်မတီ (၂) ကို ဖွဲ့စည်းခဲ့ရာ ဆပ်ကော်မတီ (၁) အနေဖြင့်လည်း လက်မှတ်ထိုးထားသည့် အဖွဲ့များဖြင့် တွေ့ဆုံ၍ ညီလာခံအတွက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်း ဆောင်ရွက်ခဲ့ပြီး ဆပ်ကော်မတီ (၂) အနေဖြင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်သားအဖွဲ့ အစည်းများအား သွားရောက်တွေ့ဆုံကာ ညီလာခံသို့ တက်ရောက်နိုင်ရေး ဖိတ်ခေါ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။ဆပ်ကော်မတီ (၁) ကို အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ကော်မတီ ဥက္ကဋ္ဌမှာ တပ်မတော်မှ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း ဖြစ်သည်။ ဆပ်ကော်မတီ (၁) ၏ လုပ်ငန်းတာဝန်များတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် ပါရှိသော ဆွေးနွေးပွဲ ခေါင်းစဉ်များကို ကျစ်ကျစ်လျစ်လျစ် ရှိစေရေးအတွက် ဆွေးနွေးညှိနှိုင်းရန်၊ မူဘောင်ကို ပြန်လည် သုံးသပ်ခြင်း ဆောင်ရွက်ရန်တို့ ပါဝင်ရာ ဆပ်ကော်မတီ၏ မူဘောင်ပြန်လည် သုံးသပ်ခြင်း ဆွေးနွေးပွဲကို ဇွန် ၉ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ ဆပ်ကော်မတီ၏ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။ဆပ်ကော်မတီ (၂) ကိုမူ အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကပင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ နယ်မြေဒေသမှ တပ်မတော် အဆင့်မြင့် အရာရှိ နှစ်ဦး၊ ယခင် အစိုးရ လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည့် ကိုယ်စားလှယ်များ၊ အငြိမ်းစား တပ်မတော် အရာရှိကြီးများ စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့အနက် ဇူလိုင် ၂ ရက်အထိ အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လာမည့် ညီလာခံတွင် လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်တက် ရောက်နိုင်ရေး ဖိတ်ခေါ်ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။ဆပ်ကော်မတီ (၂) အနေဖြင့် ဇွန် ၃ ရက်တွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပထမအကြိမ်၊ ဇူလိုင် ၂ ရက်တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ညီလာခံတွင် ပါဝင်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံမှုတွင် UNFC အဖွဲ့ဝင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့မှ ကိုယ်စားလှယ်များမှ လွဲ၍ အခြား အဖွဲ့အစည်း ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း၊ ဇူလိုင်လလယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း သိရသည်။ဆပ်ကော်မတီ (၂) အဖွဲ့ဝင်များသည် ဇွန် ၁၇ ရက်တွင် ‘ဝ’ လက်နက်ကိုင် အဖွဲ့ UWSP/UWSA နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA တို့ကို ရှမ်းပြည်နယ် မိုင်းလားဒေသသို့ သွားရောက်၍ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ညီလာခံသို့ တက်ရောက်ရေး၊ NCA တွင် ပါဝင်နိုင်ရေး၊ နိုင်ငံရေးမူဘောင် ရေးဆွဲရာတွင် ပါဝင်နိုင်ရေးနှင့် နိုင်ငံတော် ခေါင်းဆောင်များနှင့် ၎င်းအဖွဲ့များမှ ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးတို့ကို ဖိတ်ခေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ဆပ်ကော်မတီ(၂) သည် ဇူလိုင် ၂ ရက်တွင် နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ညီလာခံသို့ ပါဝင်တက်ရောက်နိုင်ရေး ဆွေးနွေး ညှိနှိုင်းခဲ့သည်။ဆပ်ကော်မတီ (၂) အနေဖြင့် တွေ့ဆုံရန် ကျန်နေသေးသည့် တအောင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့ MNDAA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အား ညီလာခံတွင် ပါဝင်တက်ရောက်နိုင်ရေး နည်းလမ်းများအား ရှင်းပြရန် ဆက်သွယ်နေကြောင်း အဆိုပါ ဆပ်ကော်မတီမှ သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များသည် ဇွန် ၂၈ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ညီလာခံကို သြဂုတ်လ နောက်ဆုံးပတ် မတိုင်မီ ကျင်းပနိုင်ရန် သဘောတူညီမှု ရရှိခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ညီလာခံကျင်းပရေး ပူးတွဲကော်မတီတစ်ရပ် ပေါ်ပေါက်လာရေး ဆွေးနွေး ညှိနှိုင်းရန်၊ ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် အစည်းအဝေး ပုံစံကို ညှိနှိုင်းဆောင်ရွက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ လိုအပ်ချက်များ၊ တင်ပြချက်များကို နိုင်ငံတော် အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် စသည်တို့ ပါဝင်သည်။

Most Read

Most Recent