မြန်မာအဘိဓာန် စာအုပ်တွင် ဂုဏ်= သက်ရှိသက်မဲ့တို့၏ အရည်အချင်း။ သိက္ခာ= အကျင့်သီလ။ ဂုဏ်ဒြပ်=ဂုဏ်ရည်အဆင့်အတန်း။ ဂုဏ်သိက္ခာ= စောင့်ထိန်းအပ်သော ဂုဏ်ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ လူအများသည် ဂုဏ်နှင့် ဒြပ်နှင့်ဟု ပြောဆိုသည်။ ငါတို့က ဂုဏ်နဲ့ ဒြပ်နဲ့ နေတာဟု ပြောတတ်ကြသည်။ ဂုဏ်ဒြပ်ဆိုသည်မှာ အရည်အချင်းနှင့် စွမ်းဆောင်ရည် အဆင့်အတန်း အနိမ့်အမြင့်ကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။ လူတန်းစား ခွဲခြား သတ်မှတ်သည့် သဘောအသွင်ဆောင်သည်။ ဂုဏ်ကို တချို့က သိက္ခာနှင့် ယှဉ်တွဲပြီး သုံးကြသည်။ ဂုဏ်ကိုသိက္ခာနှင့် အမွှန်းတင်ခြင်း၊ ဒြပ်နှင့် အမွှန်းတင်ခြင်းဟူ၍ နှစ်မျိုး ကွဲပြားသွားသည့် သဘောကို တွေ့ရသည်။
လူတိုင်းတွင် လူဖြစ်လာသည်နှင့်အညီ ဂုဏ်သိက္ခာ ကိုယ်စီ ရှိကြသည်သာ ဖြစ်သည်။ ကလေးလည်း ကလေးအရွယ်ဂုဏ်၊ လူကြီးလည်း လူကြီးဂုဏ်သိက္ခာ၊ သာမန်အရပ်သားလည်း ဂုဏ်သိက္ခာ၊ အရာရှိအရာခံလည်း ဂုဏ်သိက္ခာ၊ နိုင်ငံသားလည်း နိုင်ငံသား ဂုဏ်သိက္ခာ၊ အဆင့်ဆင့်သော နိုင်ငံခေါင်းဆောင် များလည်း ဂုဏ်သိက္ခာဆိုတာ ရှိကြသည်။ ဒြပ်ပစ္စည်းနှင့်တွဲသော ဂုဏ်တွင်လည်း ဆင်းရဲသား ဂုဏ်သိက္ခာ၊ သူဋ္ဌေးသူကြွယ် ဂုဏ်သိက္ခာ၊ လယ်သမား အလုပ်သမားမှာလည်း လယ်သမား အလုပ်သမား ဂုဏ်သိက္ခာ ကိုယ်စီ ရှိကြသည်သာ ဖြစ်သည်။ ကိုယ်စီကိုယ်ငရှိသော စွမ်းရည်သတ္တိဆိုသည့် ဂုဏ်ကို လေးစားလိုက်နာ စောင့်ထိန်းခြင်းသည် ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းပင် ဖြစ်ပါသည်။ ဂုဏ်သိက္ခာ အမျိုးအစားချင်း မတူသော်လည်း ကွဲပြားနေသော်လည်း အပြန်အလှန် အသိအမှတ်ပြု လေးစားရမည်သာ ဖြစ်သည်။
တချို့က ပညာတတ်၊ ပညာရှိကြီးဖြစ်မှ ဂုဏ်သိက္ခာ ဝင့်ထည်သည် ကြီးမြတ်သည်ဟု ထင်ကြသည်။ ယူဆကြသည်။ တချို့က သူဋ္ဌေး သူကြွယ်ကြီးဖြစ်မှ ဂုဏ်သိက္ခာရှိသည်ဟု ယုံကြည်ကြသည်။ တချို့က ရာထူး အာဏာ ပါဝါ ကြီးလေ ဂုဏ်သိက္ခာ မြင့်လေဟု ထင်ကြသည်။ တချို့ကတော့ လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ကျင့်ဝတ်တရား၊ အရှက်အကြောက်တရားနှင့် အမှန်တရားကို လေးစားမှ လူ့ဂုဏ်သိက္ခာဟု မှတ်ယူကြသည်။ ထို့ကြောင့် လူတစ်ယောက်၏ ဂုဏ်သိက္ခာ၊ မိသားစု၏ ဂုဏ်သိက္ခာ၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာ၊ လူမျိုးတစ်စု၏ ဂုဏ်သိက္ခာ၊ ခေါင်းဆောင်တစ်ယောက်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတစ်ခု၏ ဂုဏ်သိက္ခာတို့နှင့် ပတ်သက်၍ နားလည်မှု၊ ခံယူမှု၊ ကျင့်သုံးမှု၊ ယုံကြည်မှုတို့သည် အမျိုးမျိုး ကွဲပြားနေလေ့ ရှိပါသည်။
မိမိ၏ ဂုဏ်သိက္ခာသည် အခြားသူထက် ပို၍မြင့်မားသည်ဟု ယူဆထား၊ ယူမှတ်ထား နိုင်သော်လည်း သူတစ်ပါး၏ ဂုဏ်သိက္ခာကို စော်ကားခြင်း၊ နှိမ့်ချခြင်း၊ အထင်သေးခြင်း၊ ဖိနှိပ် ချုပ်ချယ်ခြင်းမျိုး မလုပ်သင့်ပါ။ တစ်နည်းအားဖြင့် မိမိ၏ ဂုဏ်သိက္ခာ အရှိန်အဝါဖြင့် အုပ်စိုးခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း မလုပ်သင့်ပါ။ ထိုသို့ပြုမူခဲ့ပါက ပြုမူသည့်သဘော သက်ရောက်ပါက မိမိ၏ ကြီးမြတ်သော ဂုဏ်သိက္ခာကို အလွဲသုံးခြင်း၊ ထိခိုက်မှေးမှိန်ခြင်း တို့ဖြစ်တတ်ပါသည်။ မိဘနှင့် သားသမီး မဟုတ်သည့် လူမှုဆက်ဆံရေး၊ စီးပွားရေး၊ နိုင်ငံရေးဝန်းကျင်တွင် တစ်ယောက်၏ ဂုဏ်သိက္ခာသည် အလွန်အရေးပါပါသည်။ တပည့်နှင့်ဆရာ၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အစိုးရနှင့် ပြည်သူ၊ ခေါင်းဆောင်နှင့် နောက်လိုက်၊ အဖွဲ့ဝင်နှင့် ဥက္ကဋ္ဌ စသည့် အလုပ်သဘော ဆက်ဆံရသည့် ရပ်ဝန်းတွင် ဂုဏ်သိက္ခာသည် အဓိကနေရာတွင် ရှိပါသည်။ ကာယကံရှင်လူတိုင်းသည် မိမိတို့၏ အရည်အချင်း စွမ်းရည်သတ္တိဆိုသည့် (ဂုဏ်) ကို ရှင်းလင်းစွာ သိမြင်ထားဖို့လိုပါသည်။ သို့မှသာ ပြုမူဆက်ဆံရာတွင် မိမိမှာရှိသည့်၊ ပိုင်ဆိုင်သည့် ဂုဏ်နှင့်အညီ ကျင့်သုံးနိုင်မည် ဖြစ်သည်။
မိမိ၏ဂုဏ်ကို လျော့ပါး၍၊ နှိမ့်ချ၍လည်း မမြင်သင့် မပြုသင့်ပါ။ ရှိတာထက် ကျော်လွန်၍လည်း မမြင်သင့်၊ မသုံးသင့်ပါ။ လျော့ပါးနိမ့်ချပြုမူပြောဆိုပြန်လျှင်လည်း မိမိ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေနိုင်သည်။ သူတစ်ပါး၏ အထင်သေးခြင်း၊ ဖိနှိပ်ခြင်း ခံရနိုင်သည်။ ပို၍သုံးမိ၊ ပြုမူမိပြန်လျှင်လည်း မရိုးသားသူဟု ထင်ခံရနိုင်သည်။ သူတစ်ပါး၏ဂုဏ်သိက္ခာနှင့် တန်းညှိသလို၊ ထိပါးသလို၊ ဝçမရှိဘဲ ဝိလုပ်သလိုမျိုးဖြစ်ပြီး မလိုအပ်သည့် တုံ့ပြန်မှုနှင့် ပဋိပက္ခများ ပေါ်လာတတ်သည်။ အရပ်စကားနှင့်ပြောလျှင် မင်းဘာလဲ၊ ငါဘာလဲ ဆိုတာမျိုးတွေ ဖြစ်လာကြသည်။ ထိုအခါ တချို့သည် မိမိ၏ဂုဏ်သိက္ခာကို မေ့လျော့သွားပြီး ဂုဏ်သိက္ခာမဲ့သော၊ မအပ်စပ် မလျော်ညီသော ပြုမူပြောဆိုမှုများ ပြုလုပ်တတ်ကြသည်။ ဂုဏ်သိက္ခာအတွက် သိက္ခာမဲ့သော အမှားများ ပြုမိကြသည်။
လူတစ်ယောက်၏ ဂုဏ်သိက္ခာ ထိခိုက်ခြင်း၊ ကျဆင်းခြင်းသည် မိမိကိုယ်နှိုက်က ကျင့်ကြံ ရယူခဲ့မှုကြောင့်လည်း ဖြစ်နိုင်သည်။ သူတစ်ပါးနှင့် ပတ်ဝန်းကျင်၏ ပယောဂကြောင့်လည်း ဖြစ်နိုင်သည်။ မိမိကိုယ်နှိုက်က သီလ၊ သမာဓိ၊ ပညာဆိုသော သိက္ခာသုံးရပ်နှင့် ပြည့်စုံစွာ နေထိုင်သော်လည်း မနာလိုမရှု ဆိတ်သူများက မဟုတ်မမှန်တရားဖြင့် သိက္ခာကျအောင် ပြောဆို ပြုမူတတ်ကြသည်။ ထိုအခါ မိမိ၏ ဂုဏ်သိက္ခာတရားနှင့်အညီ ကျင့်ကြံ ပြောဆိုသည်ကို သေချာစွာ၊ ရှင်းလင်းစွာ မသိသူများက ထင်ယောင်ထင်မှား ဖြစ်တတ်သည်။ မည်သို့ပင်ဖြစ်စေ အမှန်တရားတစ်ခု မပေါ်ပေါက်မီ အထိတော့ သို့လော သို့လော ဆိုသည့် အတွေးနှင့် လွှမ်းမိုးခံရတတ်သည်။ ယာယီအခိုက်အတန့်အားဖြင့် မိမိ၏ ဂုဏ်သိက္ခာတရား ထိခိုက်နစ်နာသည်ကတော့ အမှန်ပင် ဖြစ်သည်။
မြတ်စွာဘုရား ဘုရားမဖြစ်မီ ဘဝတစ်ခု တွင် မင်းတစ်ပါး၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့ဖူးသည်။ ဘုရားလောင်း ပုရောဟိတ်ပုဏ္ဏားကို မင်းကြီးက ကြည်ညိုလေးစားသည်။ ချစ်ခင်မြတ်နိုးသည်။ သူများတကာထက် ဦးစားပေးသည်။ ပို၍ချီးမြှင့် မြှောက်စားသည့်အပေါ် မင်းကြီး၏ သဘောထားကို ပုရောဟိတ်က သိချင်သည်။ စဉ်းစားကြည့်သည်။ မိမိက မြင့်မြတ်သော အမျိုးအဆင့်အတန်းကြောင့်လား၊ ပညာထူးချွန်လို့လား၊ ကိုယ်ကျင့်သီလ ကောင်းမွန်လို့လား၊ မိမိတွင်ရှိသည့် မည်သည့်ဂုဏ်ကို မင်းကြီးက တန်ဖိုးထား လေးစားသည်ကို သိလို၍ စမ်းသပ်မှုတစ်ခု လုပ်ခဲ့သည်။
တစ်ခုသောရက်တွင် နန်းတော်ဝင်ခစားပြီး အပြန်၌ ဘုရင်၏ ပန်းထိမ်ဖိုကို ဝင်သည်။ ရွှေစတစ်ခုကို ယူပြီး ပြန်ခဲ့သည်။ ဒုတိယနေ့တွင် ရွှေစနှစ်ခုကို မည်သူမျှ အသိမပေးဘဲ ယူခဲ့ပြန်သည်။ ထိုအဖြစ်အပျက်ကို ရွှေပန်းတိမ်သည်က သိသည်။ မြင်သည်။ ပုရောဟိတ်ကြီး၏ ဂုဏ်သိက္ခာကို လေးစားကြည်ညိုရင်း ရှိသည့်အတွက်လည်းကောင်း၊ ဘုရင်၏ အရေးပေးခံရသောသူ ဖြစ်၍လည်းကောင်း မပြောရက်၍ မပြောခဲ့ပေ။ တတိယနေ့တွင်တော့ ပုရောဟိတ်ကြီးက ရွှေလက်တစ်ဆုပ် ယူသည့်အခါတွင်တော့ ဖမ်းဆီးလိုက်သည်။ ရှင်ဘုရင် ရှေ့မှောက်ခေါ်ဆောင်သွားသည်။ ဘုရင်ကလည်း အကြောင်းစုံသိသည့်အခါ ပုရောဟိတ်ကြီးအပေါ် ကြည်ညိုလေးစားမှု ပျောက်ပျက်သွားသည်။ အပြစ်ပေး အရေးယူလိုက်သည်။ ပုရောဟိတ်ကြီးသည် ထိုအခါမှ သိလိုက်ရသည်။ လောကတွင် အမြတ်ဆုံးအရာ၊ တန်ဖိုးအရှိဆုံး အရာသည် အမျိုးအနွယ်၊ ပညာရာထူး ဂုဏ်သိန်မဟုတ်၊ ကိုယ်ကျင့် သိက္ခာတရားသာ ဖြစ်သည်။ မင်းကြီးကို အကြောင်းစုံ ရှင်းပြပြီးနောက် လူ့လောကကို စွန့်ခွာ၍ ရဟန်း ပြုသွားသည်။ ထို့နောက် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းကို ဆုံးမစကား ပြောခဲ့သည်။
သီလံကိရေဝကလျာဏံ၊ သီလံ လောကေ အနုတ္တရံ။ လောကမှာ ကိုယ်ကျင့်သီလထက် ကောင်းသောအရာ ဘာမှမရှိပါဘူး။ ဂုဏ်ကို ဂုဏ်ချင်း ထပ်လျှင် ပိုမြတ်သည်ဟု ယုံကြည်စွဲရှိကြသော လောကလူသားတို့တွင် ကိုယ်ကျင့်သီလကို ပညာနှင့်ထပ်၊ ငွေကြေးဥစ္စာနှင့်ထပ်၊ ရာထူးဂုဏ်သိန်နှင့်ထပ်၊ အမျိုးနှင့်ထပ် မည်ဆိုလျှင်တော့ ပိုမိုနှစ်သက်ကြမည်ကတော့ မလွဲအမှန် ဖြစ်လိမ့်မည်။










