ထိုင်းနိုင်ငံ၌ ကြာရှည်စွာ နေထိုင်နေရသည့် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အပါအဝင် ဒုက္ခသည်များ၏ ရှေ့ရေးအတွက် တိကျသည့် သတင်းစကား ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်တွင် ကြားသိလိုဟု ဒုက္ခသည်များကော်မတီ အတွင်းရေးမှူး ပြောကြား

ထိုင်းနိုင်ငံ၌ ကြာရှည်စွာ နေထိုင်နေရသည့် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အပါအဝင် ဒုက္ခသည်များ၏ ရှေ့ရေးအတွက် တိကျသည့် သတင်းစကား ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်တွင် ကြားသိလိုဟု ဒုက္ခသည်များကော်မတီ အတွင်းရေးမှူး ပြောကြား
Published 19 June 2016
အောင်ဇော်ထွန်း

တပ်မတော်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင် KNU အဖွဲ့တို့အကြား နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကရင်တိုင်းရင်းသားအများစု ပါဝင်သည့် ပြည်သူများသည် မြန်မာ-ထိုင်း နယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်အထိ နေထိုင်နေကြရဆဲ ဖြစ်ရာ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အပါအဝင် ဒုက္ခသည်များ၏ ရှေ့ရေးအတွက် တိကျသည့် သတင်းစကားကို ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ထိုင်းနိုင်ငံခရီးစဉ်တွင် ကြားသိလိုဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) အတွင်းရေးမှူး ဆရာဘွယ်စေးက ဇွန် ၁၈ ရက်တွင် ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးကို ဇွန် ၂၃ ရက်တွင် စတင် သွားရောက်မည် ဖြစ်ကြောင်း အဆိုပါခရီးစဉ်တွင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် စခန်းတစ်ခုသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
 
KRC အတွင်းရေးမှူး ဆရာဘွယ်စေးက “သတင်းအရပေါ့နော်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာလည်မယ်လေ။ လာလည်မှာက ဇွန် ၂၃၊ ၂၄၊ ၂၅ ပေါ့။ ထိုင်းနိုင်ငံကို လာလည်ရင်းနဲ့ အနီးဆုံး ဒုက္ခသည်စခန်းတစ်ခုကို အလည်အပတ် လာမယ်လို့ ပြောထားတဲ့အတွက် ဘန်ကောက်နဲ့ အနီးဆုံး ဒုက္ခသည်စခန်းက ကျတော့ ထမ့်ဟင်စခန်းပဲ ဖြစ်တဲ့အတွက် နောက်ပြီးတော့ ထမ့်ဟင်စခန်းကို ဝင်ဖို့အတွက်က ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီလုံခြုံရေးအတွက်ကို  သွားရောက်ပြောဆိုခဲ့ပြီး ဖြစ်တဲ့အတွက် သွားမယ်လို့တော့ ထင်တာပဲ။ အကယ်၍ ဒုက္ခသည်စခန်းထဲကို သွားလည်ပတ်မယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခသည်များရဲ့ကော်မတီဖြစ်တဲ့ ကရင့်ဒုက္ခသည်ကော်မတီက ဟိုဘက်မှာ တာဝန်ခံ ပုဂ္ဂိုလ်တွေ ရှိတယ်။ တွေ့လည်းတွေ့ နိုင်တယ်”ဟု ဇွန် ၁၈ ရက်က ပြောကြားသည်။
 
ဆက်လက်၍ ဆရာဘွယ်စေးက “အကယ်၍ ရောက်လာခဲ့မယ် ဆိုရင်တော့ကျွန် တော်တို့ကို သေချာလောက်တဲ့ အရာတစ်ခုပေါ့နော်။ ဥပမာ အခုအချိန် မဟုတ်သည့်တိုင် သေချာလောက်တဲ့ အပြောအဆို တစ်ခုပေါ့ နေရပ်ပြန်ရေးအတွက်ဖြစ်ဖြစ် ဒုက္ခသည် များရဲ့ ရှေ့ရေးအတွက် တစ်ခုခုကို အသေအချာလေး ကြားချင်တယ်၊ သိချင်တယ်။ အကယ်၍ မပြန်နိုင်သေးဘူး။ ဒီ ထိုင်းနိုင်ငံ ထဲမှာ ဆက်နေရဦးမယ်ဆိုရင် ဒုက္ခသည်များ နေထိုင်စားသောက်နိုင်ဖို့အတွက် အဲဒါလေးကို  နည်းနည်းစိတ်ချမ်းသာအောင် ကြားချင်တယ်ပေါ့”ဟု ပြောကြားသည်။
 
ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အပါအဝင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ပတ်သက်၍  မြန်မာအစိုးရ၏ အကူအညီလိုချင်ကြောင်း၊ ဒုက္ခသည်များအနေဖြင့် လက်ရှိတွင် နိုင်ငံတကာအလှူရှင်များ၏ အကူအညီရရှိမှုလည်း လျော့နည်းလာပြီ ဖြစ်ကြောင်း ဆရာဘွယ်စေးက ပြောကြားသည်။
 
“ဒုက္ခသည်ကတော့ ၁၉၇၄ -၁၉၇၅ ပြည်တွင်းစစ်က စပြီးတော့ အခုအထိ နှစ်ပေါင်း ၄၀ တော့ ကြာသွားပြီ။ စစတုန်းက ဒုက္ခသည်ဦးရေက ထောင်ဂဏန်းပဲ ရှိပါတယ်။ ၂၀၀၀ လောက်ပေါ့။ ၂၀၀၀ ကနေ တစ်ဆင့် တစ်ဆင့်နဲ့ ရှစ်လေးလုံးမှာဆိုရင် ဒုက္ခသည်က အများကြီး များလာတယ်။ ပြောရမယ်ဆိုရင် ဒီနေ့အထိ တစ်သိန်းသုံးသောင်းကျော် တစ်သိန်းလေးသောင်း လောက်ပေါ့။ နိုင်ငံခြားကို သွားတာလည်း ရှစ်သောင်းကျော်သွားပြီ။ ရှစ်သောင်းကျော်ပေမယ့်လည်း ဒုက္ခသည် မလျော့သေးပါဘူး။ နိုင်ငံခြားကို သွားတယ်ဆိုတာ ထိုင်းကနေ တတိယနိုင်ငံကို သွားတဲ့လူပေါ့။ ရှစ်သောင်း ခုနစ်ထောင်လောက် ရှိတယ်”ဟု ၎င်းက ဆိုသည်။
 
မြန်မာ-ထိုင်း နယ်စပ် ရှိမယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံယမ်း၊ ထမ့်ဟင်၊ ကရင်နီအမှတ် (၁)နှင့် အမှတ်(၂) စသည့် မြန်မာဒုက္ခသည်စခန်း ကိုးခု၌ ဒုက္ခသည် စုစုပေါင်း တစ်သိန်းလေးသောင်း ဝန်းကျင်ရှိရာ အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
 
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရမဖြစ်ခင် ယခင်ကတည်းက အလေးထား
 ဆောင်ရွက်ခဲ့ပြီး ယခုခရီးစဉ်တွင်လည်း အဓိက အကြောင်းအရာကိစ္စတစ်ခု အနေဖြင့် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အနေဖြင့်လည်း ထိုင်းအစိုးရနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အရေးကိစ္စ၊ ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရရှိရေးတို့ကို လုပ်ဆောင်နေကြောင်း သမ္မတရုံးဝန်ကြီးဌာန 
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန် ၁၈ ရက်တွင် ပြောကြားသည်။
 
ဦးဇော်ဌေးက “ကရင်ကတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတယ်။ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) ထိုးထားတယ်။ ထိုးထားပြီးတဲ့ နောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဆိုတာရှိတယ်။ ဒါလည်း လုပ်နေတယ်။ အခု ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ နည်းသွားတယ်။ နည်းသွားတဲ့အချိန်မှာ တစ်ချိန်တည်းမှာပဲ KNU ခေါင်းဆောင်တွေနဲ့ ပေါင်းပြီးတော့ ဖွံ့ဖြိုးရေးတွေ လုပ်နေတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့အတွက် ရွာတွေတည်တာတို့ စားနပ်ရိက္ခာ ထောက်ပံ့ တာတို့ လုပ်နေတယ်။ ဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ သွားဆိုင်တယ်။ အပစ်ရပ်စဲပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံတွေ မူလနေရာကို ပြန်လည်နေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့က ပြန်လည် ထူထောင်ရေးတွေ လုပ်ရမယ်။ လမ်းပန်းဆက်သွယ်ရေးအပြင် အများကြီးလုပ်ရမှာ။ အဲဒါတွေလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုက်ပြီးတော့ လုပ်နေတယ်။ ချက်ချင်းလက်ငင်း ပြန်လာနေဆိုရင်တော့ ဒီဘက်မှာ မပြည့်မစုံနဲ့ ဖြစ်မှာ။  အဲဒီလိုဖြစ်မှာစိုးတဲ့အတွက် ထိုင်းအစိုးရနဲ့ ညှိပြီးတော့ လုပ်နေတာ ရှိတယ်။ ဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သွားတာ” ဟု ဆိုသည်။
 
မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်များအရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ကရင်ဒုက္ခသည်ကော်မတီ (KRC) သည် ပြီးခဲ့သည့် မေလက  ကရင်ပြည်နယ်အစိုးရနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
 
 

Most Read

Most Recent