ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ တင်ပြရန် အကြိုပြင်ဆင်မှု အနေဖြင့် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲ ဇွန်လကုန်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ တင်ပြရန် အကြိုပြင်ဆင်မှု အနေဖြင့် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲ ဇွန်လကုန်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် ဖိတ်ဖက် အဖွဲ့အစည်းများ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို တွေ့ရစဉ်
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် ဖိတ်ဖက် အဖွဲ့အစည်းများ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို တွေ့ရစဉ်
Published 19 June 2016
ဇာလီမြင့်ဦး

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြရန် အကြိုပြင်ဆင်မှု အနေဖြင့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း UNA အတွင်းရေးမှူး အဖွဲ့မှ သိရသည်။“ရန်ကုန် အင်းလျားလိတ် ဟိုတယ်မှာ လုပ်ဖို့ လျာထားတယ်။ အ စည်းအဝေး ဆိုတာထက် ဖက်ဒရယ် ကိစ္စတွေပေါ့နော်။ မကြာခင်မှာ လာမယ့် ၂၁ ပင်လုံခေါ် ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးဖို့အတွက် တိုင်းရင်းသားတွေ အကုန်လုံး၊ UNA ဘက်မှာ ပါတဲ့ ပါတီတွေ အကုန်လုံးက ကိုယ်စားလှယ်တွေနဲ့ အပြင်မှာရှိတဲ့ မိတ်ဖက်တွေနဲ့ အဲဒီလို ညှိနှိုင်းပြီးတော့ လုပ်မှာပေါ့။ သုံးရက် ကြာပါမယ်” ဟု အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ဇွန် ၁၈ ရက်က ပြောကြားသည်။အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇူလိုင်လကုန် (သို့မဟုတ်) သြဂုတ်လအတွင်း ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ၉၀ ကျော်သော နိုင်ငံရေး ပါတီ အားလုံး မဟုတ်ဘဲ လွှတ်တော်တစ်ခု သို့မဟုတ် တစ်ခုတွင် အနည်းဆုံး ကိုယ်စားလှယ် တစ်ဦး ပါဝင်သည့် နိုင်ငံရေး ပါတီများကိုသာ ငြိမ်းချမ်းရေး ညီလာခံထဲတွင် ကိုယ်စားလှယ် အဖြစ်နှင့် ထည့်ရန် ဆိုသည်ကို ကိုင်စွဲထားကြောင်း ပြောကြားထားသည်။ထို့ကြောင့် လက်ရှိတွင် UNA အဖွဲ့ဝင်ပါတီ ၁၂ ပါတီ ရှိသည့်အနက် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် မွန်အမျိုးသား ပါတီတို့ကသာ ကိုယ်စားလှယ် ရွေးကောက်ခံထားရသောကြောင့် အဆိုပါ ပါတီများသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခွင့် ရှိမည်ဖြစ်ပြီး ကိုယ်စားလှယ် ရွေးကောက်ခံရခြင်း မရှိခဲ့သည့် ကျန်အဖွဲ့ဝင် တိုင်းရင်းသား ပါတီ ရှစ်ပါတီမှာမူ တက်ရောက်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ညီလာခံသို့ တက်ရောက်ခွင့်ရသည့် ပါတီများ ကျန်ပါတီများထံမှ သဘောထားများကို ပြည်ထောင်စု ငြိမ်းချမ်းရေး စုစည်း တင်ပြသွားနိုင်ရန် လုပ်ဆောင်နေကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားထားသည်။အဖွဲ့ဝင်ပါတီ တစ်ခုဖြစ်သည့် ကရင်အမျိုးသား ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက “ခု အဖွဲ့ဝင် ပါတီတွေ ဆွေးနွေးဖြစ်ရင် အရင် ကျွန်တော်တို့ ရှေ့ဆက် လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး လုပငန်းစဉ်တွေအတွက် သဘောထားတွေ တင်ပြကြမယ်ပေါ့။ ပြီးရင် ညှိနှိုင်းကြမယ့် သဘောပါ” ဟု ပြောကြားသည်။စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အနေဖြင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် နောက်ဆုံးအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၅ ဇူလိုင်က ပြုလုပ်ထားခဲ့ပြီး UNA အဖွဲ့ဝင် ပါတီများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အလုပ်အဖွဲ့ တစ်ခုကို ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent