မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်မျက် အရိုင်းတုံးများသာ တင်ပို့ရောင်းချနေမှုကို ပြန်လည်သုံးသပ်ပြီး ကျောက်မျက် အချောထည် တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန် တင်ပြ

မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်မျက် အရိုင်းတုံးများသာ တင်ပို့ရောင်းချနေမှုကို ပြန်လည်သုံးသပ်ပြီး ကျောက်မျက် အချောထည် တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန် တင်ပြ
Published 16 June 2016
နီလာ

မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်မျက် အရိုင်းတုံးများကိုသာ တင်ပို့ရောင်းချနေမှု ကို ပြန်လည်သုံးသပ်ပြီး  ယင်းအစား ကျောက် မျက်အချောထည်ထုတ်လုပ်ပြီး တင်ပို့နိုင်ရေး ဆောင်ရွက်ရန် ရွှေနန်းတော် စိန်၊ ရွှေ၊ ရတနာ လုပ်ငန်းစုမှ CEO & Founder ဦးအောင်ကျော်ဝင်းက ဇွန် ၁၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် MYANTRADE Masterplan Interim Report Workshop တွင် တင်ပြခဲ့သည်။
"ကျွန်တော်တို့ တိုင်းပြည်မှာ Export ဆိုတာထက် ကျောက်မျက်ကဏ္ဍကို ကြည့်မယ်ဆိုရင် Supply Chain ကို ကြည့်မယ်ဆိုရင် နံပါတ်တစ် ကျောက်မျက်အရိုင်း ထုတ်တယ်။ ပြီးတော့ အရိုင်းတွေထုတ်ပြီး ပြပွဲမှာ ရောင်းတယ်။ အရိုင်းအတိုင်းပဲ ရောင်းတယ်။ အဲဒီလိုရောင်းတော့ တိုင်းပြည်ကတော့ ပိုက်ဆံရသွားတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကဏ္ဍမှာ အလုပ်အကိုင် အခွင့်အလမ်း အများကြီး လုပ်ပေးနိုင်တဲ့ Value Added လုပ်ပေးနိုင်တဲ့ Procedure တွေ မရှိဘူး။ Value Added ဆိုတာ ကျောက်မျက်အရိုင်းတွေထုတ်ပြီး သွေးတယ်။ သွေးတာရော ချောတာရော။ အခု နောက်ပိုင်းမှာ နိုင်ငံခြား တိုင်းပြည်တွေမှာဆို Heat Treated လုပ်ပြီး ကျောက်မျက် အချောထည်ဖြစ်အောင် လုပ်ရမယ်။ ကျောက်မျက်ရတနာ အချောကိုမှ လက်ဝတ်ရတနာတွေနဲ့ တန်ဆာဆင်ရဦးမယ်။ အဲဒီကျောက်မျက် အချောထည်တွေရော လက်ဝတ်ရတနာတွေရော နိုင်ငံတကာ ဈေးကွက်ထဲကို Made in Myanmar ဆိုပြီး ကိုယ်က ရောင်းလို့ရတဲ့ အနေအထား ရှိလျက်သားနဲ့ အဲဒီအလယ် တစ်ပိုင်းလုံးကို လုံးဝဖြတ်ထားတယ်" ဟု ဦးအောင်ကျော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်မျက် တင်ပို့ရောင်းချမှုမှ တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံကျော် ရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ သို့သော် အများစုမှာ ကျောက်မျက်အရိုင်း အတိုင်းသာ တင်ပို့ခြင်းဖြစ်သည်။
"အရိုင်းအတိုင်း ရောင်းနေတာက အဲဒါက လုံးဝမှားနေတယ်။ မှားနေတဲ့အတွက် ဒီ Industry ကြီးက အခုဆိုရင် အရမ်းကို တိုးတက်သင့်နေပြီ။ နိုင်ငံတကာမှာ ကျောက်မျက် လုံးဝမထွက်တဲ့ အိန္ဒိယတို့၊ ထိုင်းတို့၊ ဟောင် ကောင်တို့က Industry Market မှာ ရှေ့ရောက်နေတယ်။ အဲဒါဘာကိုဆိုလိုတာလဲ ဆိုတော့ သူတို့တိုင်းပြည်မှာ ကျောက်မျက်အချောထည်ကို တန်ဖိုးထားတယ်။ ကျောက်မျက်အရိုင်းတွေကို သူတို့တိုင်းပြည်ထဲ ဖရီးပေးသွင်းတယ်။ အဲဒီလိုပေးသွင်းပြီးတော့ Value Added ထုတ်တယ်။ သူတို့တိုင်းပြည်ကလူတွေ အလုပ်ရတယ်။ Capacity တွေရတယ်။ Training တွေရတယ်။ နည်းပညာတွေ တိုးတက်လာတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တယ်။ ပြီးတော့ နိုင်ငံခြားကိုလည်း Made In ဘာဆိုပြီးတော့ ရောင်းနိုင်တယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့  ကျောက်မျက် အချောထည်များ တင်ပို့ရောင်းချနိုင်ရန် အစိုးရပိုင်းမှ ပေါ်လစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။                

Most Read

Most Recent