ငွေကြေးဖောင်းပွမှု၊ တရုတ်က ပြန်မရောင်းတဲ့ မြန်မာ့ဓာတ်ငွေ့နဲ့ ACHC စိန်ခေါ်သံ

ငွေကြေးဖောင်းပွမှု၊ တရုတ်က ပြန်မရောင်းတဲ့ မြန်မာ့ဓာတ်ငွေ့နဲ့ ACHC စိန်ခေါ်သံ
၂၀၁၅ ခုနှစ် မေ ၁၄ ရက် နိုင်ငံတကာ မြစ်ချောင်းများနေ့ကို ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ကျင်းပခဲ့ပြီး မြစ်ဆုံ စီမံကိန်းနှင့် အခြားဆည် စီမံကိန်းများ အပြီးတိုင် ရပ်တန့်ပေးရန် တောင်းဆိုနေစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
၂၀၁၅ ခုနှစ် မေ ၁၄ ရက် နိုင်ငံတကာ မြစ်ချောင်းများနေ့ကို ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ကျင်းပခဲ့ပြီး မြစ်ဆုံ စီမံကိန်းနှင့် အခြားဆည် စီမံကိန်းများ အပြီးတိုင် ရပ်တန့်ပေးရန် တောင်းဆိုနေစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
Published 12 June 2016
ဖြိုးဝေ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ငွေကြေး ဖောင်းပွမှုဟာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာထက် ပိုမိုမြင့်မားလာနိုင်ပြီး စံချိန်တင် အဖြစ် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းချက် ထွက်ပေါ်လာခဲ့ပြီး ဒီတစ်ပတ်ရဲ့ စီးပွားရေး သတင်း သုံးသပ်ချက်မှာဆို မြန်မာနိုင်ငံက ထုတ်ပေးထားပြီး မြန်မာနိုင်ငံအတွက် လျှပ်စစ် လိုအပ်ချက် ဖြစ်လာလို့ သဘာ၀ ဓာတ်ငွေ့ ပြန်ရောင်းချပေးပါ ဆွေးနွေးချိန်မှာ ပြန်လည် ရောင်းချမပေးတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြစ်ဆုံ စီမံကိန်းဟာ မကောင်းဉာဏ်ရှိတဲ့ ပြည်သူအချို့က တမင် တလွဲတချော် ဖြစ်အောင် လုပ်ဆောင်လို့ နိုင်ငံရေး အလွန် အသုံးချခံရတယ်လို့ ထုတ်ပြန်ခဲ့တဲ့ မြစ်ဆုံ စီမံကိန်း ဆောက်လုပ်နေတဲ့ ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက် (ACHC ကုမ္ပဏီ) ရဲ့ ထုတ်ပြန်ချက်တွေကို ပြည်သူများ သတိပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ငွေကြေးဖောင်းပွမှုမြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မယ်လို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြု တင်ပြချက် အနှစ်ချုပ်မှာ တွက်ချက် ဖော်ပြထားပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်မျိုးသားလုံး၏ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး (GDP) ဟာ ကျပ် ၈၄၁၂၈ ဘီလျံလို့ ခန့်မှန်းထားပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းလို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်၏ စီးပွားရေး အခြေအနေ အကျဉ်းချုပ်မှာ ခန့်မှန်းထားပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ စုစုပေါင်း ရငွေကို ကျပ် ၁၇၄၄၉ ဘီလျံ၊ စုစုပေါင်း အသုံးစရိတ်ကို ကျပ် ၂၁၃၇၁ ဘီလျံလို့ ခန့်မှန်းထားလို့ ဘတ်ဂျက်လိုငွေဟာ ကျပ် ၃၉၂၂ ဘီလျံ ဖြစ်ပေါ်ခဲ့ပါတယ်။အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၆၂၁၈ ဘီလျံဖြစ်ပြီး ရငွေနဲ့ ဂျီဒီပီ အချိုးဟာ ၇ ဒသမ ၄ ရာခိုင်နှုန်းဖြစ်လို့ လိုငွေနဲ့ ဂျီဒီပီ အချိုးဟာ ၄ ဒသမ ၆၆ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှု နှုန်းဟာ  ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက် ရေးဆွဲရာမှာ အမေရိကန် ဒေါ်လာ တစ်ဒေါ်လာကို ၁၂၈၅ ကျပ်နဲ့ တွက်ချက် ရေးဆွဲထားပြီး ငွေကြေး ဖောင်းပွမှုနှုန်းဟာ ပထမ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အထိ) အတွင်းမှာ တိုးတက်ခဲ့လို့ ဒုတိယ ကာလတို (၅) နှစ် စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနဲ့ နိုင်ငံခြား ငွေထိန်းချုပ်ရေး မူဝါဒတွေ အပေါ် အခြေခံပြီး ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး မဖြစ်မနေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်နှစ်ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၂၀၀၆ ခုနှစ် အခြေခံနှစ် အရ ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အစားအစာ ဈေးနှုန်းတွေ တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာမှာ ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ဒီလို ခန့်မှန်း တွက်ဆချက်တွေဟာ ခန့်မှန်းချက်သာ ဖြစ်နေပြီး လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်မှုကိုသာ ထိန်းထားနိုင်မယ်၊ ပို့ကုန်သစ်တွေ တိုးချဲ့ တင်ပို့နိုင်မယ်၊ ကုန်ဈေးနှုန်းတွေသာ မတန်တဆ တက်မလာဘူး။ ရာသီဥတုသာမထိုးနှက်ဘူး ဆိုရင်တော့ ငွေကြေး ဖောင်းပွမှု လျော့ကျလာမှာ ဖြစ်သလို ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးရေးကဏ္ဍ ထွက်ကုန် ရောင်းလိုအား ကျဆင်းမှု ပြန်လည် ဦးမော့လာတဲ့အတွက် ငွေကြေးဖောင်းပွမှု ဖိအား လျော့ကျလာမယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ခန့်မှန်းထားတဲ့အတွက် ငွေကြေး ဖောင်းပွမှုဟာ ထင်သလောက် ဆိုးရွားမှာ မဟုတ်ဘူးလို့တော့ ယူဆနိုင်မှာပါ။တရုတ်က ပြန်မရောင်းတဲ့ မြန်မာ့ဓာတ်ငွေ့ဒီနှစ် နွေရာသီမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဒဏ်ကို အကြီးအကျယ် ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ရန်ကုန်မြို့မှာ လာမယ့်နွေရာသီ မီးပေးနိုင်အောင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း ၂၀၀ လောက်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒီလို လုပ်တဲ့အခါမှာ မြန်မာနိုင်ငံက ထွက်တဲ့ ဓာတ်ငွေ့တွေက တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အကုန်ရောင်းထားပြီး ဖြစ်နေသလို မြန်မာနိုင်ငံမှာလည်း လက်ရှိ သုံးနေတဲ့ Gas ပိုက်လိုင်း နှစ်ခုဟာ ၂၀၂၉ မှာ ကုန်တော့မှာ ဖြစ်သလို လက်ရှိ ၂၀၁၅ ခုနှစ် ကတည်းက ထွက်ရှိမှု ကျဆင်းနေတဲ့ ပြဿနာ  ရင်ဆိုင်နေရပါတယ်။ ဒီလို အခြေအနေမှာ တရုတ်နိုင်ငံက သူ့ကို ရောင်းထားတဲ့ Gas ကို ပြန်ရောင်းမှာ မဟုတ်ဘဲ သူ့ဆီမှာ လျှပ်စစ် မီးထုတ်ပြီး ပြန်ဝယ်မှ ဖြစ်နိုင်မယ်လို့ တုန့်ပြန်ခဲ့တဲ့ ဖြစ်ရပ်ဟာ မြန်မာ့ Gas ကို အောက်ဈေးနဲ့ ဝယ်သွားတယ် ထင်မြင်နေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အိမ်နီးချင်း ကောင်းမပီသတဲ့ နိုင်ငံလို့ ရှုမြင်ခဲ့ကြပါတယ်။“လိုအပ်တာရဲ့ သုံးပုံတစ်ပုံပဲ ပေးနိုင်တယ်။ လာမယ့်နှစ် နွေရာသီ မတိုင်ခင်မှာ ဒီပြဿနာကို ဘယ်လို ဖြေရှင်းပေးမလဲ။ ဒီနှစ်နွေရာသီမှာ ကျွန်မတို့သည် အခုမှ စတက်တာဆိုပြီး နားလည်ပေးချင် ပေးလိမ့်မယ်။ နောက်နှစ်မှာဆို နားလည်မှာ မဟုတ်တော့ဘူး။ ဒါကို ကျွန်မတို့ သိပါတယ်။ လာမယ့်နွေ မတိုင်ခင်ဆို ကျွန်မတို့က စက်အသစ်တွေလည်း ပြန်တပ်ရမယ်။ ခွဲရုံအသစ်တွေလည်း ပြန်ဆောက်ရမယ်ဆို ကျွန်မတို့ မှီပါ့မလား။ ဘယ်လိုမှ မမှီပါဘူး။ မှီနိုင်တဲ့ နည်းနဲ့ ဘယ်လို လုပ်မလား။ လက်ရှိရနေတဲ့ Gas က ဘယ်လိုလဲ။ ဆန်းစစ်တော့ လျှပ်စစ်ကဏ္ဍ Production ပိုင်းမှာဆို Gas ကို အဓိကထားပြီး သုံးနေရတယ်။ ၂၀၂၇ မှာဆို Gas ကုန်ပြီ။ နောက်တစ်ခုကလည်း ၂၀၂၉ ဆို ကုန်ပြီ။ ဒီလိုကာလမှ ကုန်မယ် ဆိုပေမယ့် Gas ထွက်ရှိမှုက ၂၀၁၅ ကတည်းက ကျဆင်းနေပြီ။ အဲဒီတော့ မြန်မာနိုင်ငံ ရရှိမဲ့ Gas ကိုယ်တာကို ပြန်စဉ်းစားတော့ အကုန်လုံးကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို ရောင်းပြီးသား ဖြစ်နေပြီ။ ကျွန်မတို့ ဘယ်လိုလုပ်မလဲ။ တရုတ်နိုင်ငံက ပြန်မရောင်းပါဘူး။ သူ့နိုင်ငံမှာ လျှပ်စစ်ထုတ်ပြီး ပြန်ဝယ်ရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး (ဒေါ်) နော်ပန်းသဉ္ဇာမျိုးက ဆိုပါတယ်။ACHC စိန်ခေါ်သံမြစ်ဆုံစီမံကိန်း ပြန်စမယ်လို့ တရုတ် သံအမတ်ကြီး ပြောကြားမှုကြောင့် ဆန္ဒဖော်ထုတ်မှု ဖြစ်စဉ်တွေ အပြီးမှာ စီမံကိန်းကို အဓိက လုပ်ဆောင်နေတဲ့ ACHC ကုမ္ပဏီဟာ နဂိုကမှ မြစ်ဆုံကို အထိမခံ ဖြစ်နေတဲ့ မြန်မာနိုင်ငံသား အားလုံးကို ပုတ်ခတ်သလို ဖြစ်ခဲ့တဲ့ အငြင်းပွားဖွယ် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုရင် “မြစ်ဆုံ စီမံကိန်း ဆိုင်းငံ့ခြင်း ကိစ္စသည် မူလက စာချုပ်ချုပ်ဆိုထားသည့် နှစ်ဖက်မှ ပူးပေါင်းညှိနှိုင်း ဖြေရှင်းရမည့် နိုင်ငံတကာတွင် ဖြစ်ပွားသည့် စီးပွားရေး ပြဿနာ တစ်ခုသာ ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခံခဲ့ရပြီးနောက် နိုင်ငံတကာမှ အာရုံ စိုက်ခံရခြင်းနှင့် မကောင်းဉာဏ်ရှိသော ပြည်သူအချို့က တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံ စီမံကိန်းကို နိုင်ငံရေး အလွန် အသုံးချခံခဲ့ရပြီး မြစ်ဆုံစီမံကိန်း ကိစ္စကို စာချုပ်ချုပ်ဆိုသည့် နှစ်ဖက်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရမှ ပူးပေါင်းညှိနှိုင်း ဖြေရှင်းရမည့်ကိစ္စ မဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းနှင့် တစ်သီး ပုဂ္ဂလများမှ ဆုံးဖြတ်ရမည့် ကိစ္စတစ်ခု ဖြစ်သွားသည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ထုတ်ပြန်ချက်မှာ ဆိုရင် “တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမြန်မာနိုင်ငံသို့ ဝင်ရောက်ရေးအတွက် ထိခိုက်သွားနိုင်သည်” လို့ ပါဝင်ခဲ့ပါတယ်။“အခုလို ပြောတာက တော်တော်ဆိုးတယ်။ မြစ်ဆုံ မဖြစ်တာနဲ့ပဲ ချစ်ကြည်ရေး ပျက်မယ်ဆိုတာ ခြိမ်းခြောက်တာပဲ။ ပြေလည်အောင် စကားပြောရမှာပေါ့။ အခုဟာက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်ပြီး သွားတဲ့အချိန်မှာ မငြိမ်းချမ်းတဲ့ ဒေသတွေ၊ စစ်ဖြစ်တဲ့ ဒေသတွေ ရှိနေမယ်။ UN ကလည်း ဒါကို ငြိမ်းချမ်းအောင် ဦးဆောင်ဦးရွက် လုပ်နေတဲ့ အချိန်မှာ ဒါကို ညှိနှိုင်းရမှာ၊ အစိုးရ အနေနဲ့ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်ဖို့ ဖြစ်နေတဲ့အတွက် ပြည်သူ့ဆန္ဒကို ခံယူရမယ်။ ပြည်သူ့ဆန္ဒကို မခံယူဘဲနဲ့ လုပ်တယ်ဆိုရင် အစိုးရနဲ့ ပြည်သူနဲ့က အချင်းချင်း ပြသနာရှိတယ်။ ဒီလို ထုတ်ပြန်တာက မကောင်းဘူး။ နိုင်ငံကြီးသား ပီသစွာ ဖြေရှင်းရမယ့် ကိစ္စပါ။ တရားဝင် ပြည်သူကို ချပြရမယ်။ လုပ်ခဲ့တဲ့ အချိန်က ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ အခုဆိုရင် ပြောလို့ဆိုလို့ ပွင့်လင်း မြင်သာမှု ရှိတယ်။ ပြည်သူကို တိုက်ရိုက် မဟုတ်ရင်တောင် အစိုးရနဲ့ ပြောလို့ရတယ်။ အစိုးရကနေ ကိုယ့်ပြည်သူနဲ့ ပြန်ညှိပေါ့။ တစ်ဆင့်ချင်း သွားရမှာပေါ့။ အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ အတွက် အများကြီး လက်လွတ်စပယ် ပြောတာတော့ မကောင်းဘူး” လို့ မြန်မာ့ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေဝီသန့်စင်က သုံးသပ်ပါတယ်။တကယ်ဆို ဒီမြစ်ဆုံ စီမံကိန်းကို စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီနဲ့ စီမံကိန်းကြောင့် အကျိုးအမြတ်များများ ရခဲ့တဲ့ သူတွေကလွဲရင် ကျန်တဲ့ မြန်မာပြည်သူ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းလောက်က လက်မခံကြပါဘူး။ ACHC ကုမ္ပဏီဟာဆိုရင် စီမံကိန်း အဓိက လုပ်ဆောင်တဲ့ China Power Investment Corporation- CPI ကုမ္ပဏီ (လက်ရှိ တရုတ်နိုင်ငံ နျူကလီယား လျှပ်စစ် နည်းပညာ ကုမ္ပဏီနှင့် ပေါင်းစည်းကာ ကုမ္ပဏီအသစ် ဖြစ်သည့် State Power Investment Corporation-SPIC ကုမ္ပဏီ) က ရှယ်ယာ ရာခိုင်နှုန်း ၈၀၊ ယခင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အခမဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းနဲ့ အေးရှားဝေါလ်က ငါးရာခိုင်နှုန်း ပါဝင်ပါတယ်။ အကျိုးအမြတ် ခွဲဝေမှုမှာ ဆိုရင်လည်း မြန်မာနိုင်ငံက အဆမတန် နည်းပါးနေပေမယ့် စီမံကိန်းကြောင့် ထိခိုက်မယ့် ဘေးအန္တရာယ်တွေက အလွန်ကြီးလို့ မြန်မာပြည်သူတိုင်းက ကန့်ကွက်နေတာပါ။ ဒါ့ကြောင့်မို့ ACHC ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ဟာ ခြိမ်းခြောက်တာပါလို့ ယူဆမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent