မန္တလေး ကန်တော်နဒီ ဆေးရုံအား ခုတင် ၁၀၀ ဆံ့ သီးသန့် အထူးကု ဆေးရုံအဖြစ် အဆင့် မြှင့်တင်မည်

မန္တလေး ကန်တော်နဒီ ဆေးရုံအား ခုတင် ၁၀၀ ဆံ့ သီးသန့် အထူးကု ဆေးရုံအဖြစ် အဆင့် မြှင့်တင်မည်
Published 8 June 2016
လဲ့လဲ့အောင်

မန္တလေးမြို့ ၆၂ လမ်းရှိ ကန်တော်နဒီ ဆေးရုံအား ကျန်းမာရေး ဦးစီးဌာနမှ ခုတင် ၁၀၀ ဆံ့ သီးသန့် အထူးကု ဆေးရုံအဖြစ် အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ကူးစက်ရောဂါ အထူးကု ဆေးရုံအဖြစ် ကန်တော်နဒီ ဆေးရုံနှင့် မန္တလေး ကမ်းနားလမ်းရှိ ၁၆ ခုတင်ဆံ့ ကူးစက်ရောဂါဆေးရုံ ရှိသည့်အနက် ကန်တော်နဒီ ဆေးရုံအား ခုတင် ၁၀၀ ဆံ့အဖြစ် အဆင့်မြှင့်တင်ရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။“မန္တလေးမှာ ကူးစက်ရောဂါကုဆေးရုံ အနေနဲ့ နှစ်ခုရှိတဲ့ အထဲမှာ တစ်ခုက ကမ်းနားလမ်းမှာ ရှိတဲ့ ၁၆ ခုတင်ဆံ့ ဆေးရုံက ဝမ်းပျက်၊ ဝမ်းလျှော အဓိက ကုသပေးတဲ့ ဆေးရုံဖြစ်ပြီး ဖွဲ့စည်းပုံ ရှိတာကြောင့် ဒီတိုင်းပဲ ဆက်ထားသွားမယ်။ ကန်တော်နဒီ ဆေးရုံကတော့ ကြက်ငှက်တုပ်ကွေးလို အခုနောက်ပိုင်း ဖြစ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကုသပေးနိုင်အောင် ထားတာ ဖြစ်တဲ့အတွက် ကန်တော်နဒီ ဆေးရုံကို ဖွဲ့စည်းပုံနဲ့ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဖို့ တင်ပြထားတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကုသရေး ဦးစီးဌာန တိုင်းကုသရေး ဦးစီးမှူးက ပြောကြားသည်။လက်ရှိတွင်လည်း ကန်တော်နဒီ ဆေးရုံတွင် ကူးစက်ရောဂါများ ကုသပေးနိုင်ရန် ပြင်ဆင် ဆောင်ရွက်ထားကြောင်း၊ ကမ်းနားလမ်းရှိ ၁၆ ခုတင်ဆံ့ ကူးစက်ရောဂါ သီးသန့်ကု ဆေးရုံမှာ ဝမ်းပျက်၊ ဝမ်းလျှော လူနာများအား အဓိကထား ကုသပေးသော်လည်း အနီးဝန်းကျင်ရှိ ရပ်ကွက်နေ ပြည်သူများနှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများမှ ပြည်သူများ အနေဖြင့် ယင်းဆေးရုံတွင် ပြင်ပလူနာ အဖြစ် လာရောက်ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent