ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မေ ၃၁ ရက်နှင့် ဇွန် ၁ ရက်နှစ်ရက်အတွင်း ယာဉ်မတော်တဆမှု ငါးကြိမ် ဖြစ်ပွားပြီး နှစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ အမြန်လမ်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်များအရ သိရသည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၄၀/၄ နှင့် ၃၄၀/၅ ကြားတွင် အိမ်စီးကား တစ်စီး လမ်းလယ်ကျွန်းအား တိုက်မိမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးမှု ဇွန် ၁ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း တံတားဦးမြို့နယ်၊ စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။အဆိုပါ တိမ်းမှောက်ခဲ့သည့် 4A/----Toyota Corolla Van အဖြူရောင်ယာဉ်သည် မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်ပြီး မိုင်တိုင် ၃၄၀ အရောက်တွင် လမ်းလယ်ကျွန်းရှိ Manhole ကို တိုက်မိခဲ့ခြင်းဖြစ်သည်။“ဒဏ်ရာ ရရှိသူတွေကို တံတားဦး ဆေးရုံကနေ မန္တလေး ဆေးရုံကြီးကို ဆက်လွှဲပေးတယ်။ မိုးအရမ်း ရွာတယ်။ အရှိန်ပြင်းသွားတဲ့ အခါကျတော့ လမ်းလယ်ကောင် ချော်တက်သွားတယ်။ လမ်းလယ်ကောင်မှာ ရှိတဲ့ ရေမြောင်းအပေါ်မှာ ကန်လေးလုပ်ထားတယ်။ အဲဒီ ကန်ရဲ့ ပေါင်ကို သွားတိုက်တာ” ဟု စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ဆိုသည်။အဆိုပါ မတော်တဆ ဖြစ်ပွားခဲ့သည့် ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး (ယာဉ်မောင်း) နှင့် အမျိုးသမီး နှစ်ဦးတို့ လိုက်ပါလာခဲ့ပြီး အမျိုးသမီး တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသွားသည့် အမျိုးသမီးမှာ ယာဉ်မောင်း အမျိုးသား၏ အစ်မဖြစ်ကြောင်း စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ စုံစမ်း သိရှိရသည်။ထို့ပြင် မိုင်တိုင်အမှတ် ၃၄၀ အနီးမှာပင် ဇွန် ၁ ရက် နံနက် ၇ နာရီခန့်တွင် Mazada Dimeo အမျိုးအစား ယာဉ်သည် ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။“ကားပေါ်မှာ ယာဉ်မောင်းဖြစ်သူ တစ်ယောက်ပဲ ပါတယ်။ အဲဒီအချိန်မှာ ဘယ်ဘက်ရှေ့ဘီး ပေါက်ပြီးတော့ လမ်းလယ်ကျွန်းပေါ် တက်သွားပြီး ထိုးရပ်သွားတယ်။ ကားတော့ မမှောက်ပါဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပါဘူး” ဟု စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ထို့ပြင် မေ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၉/၀ နှင့် ၄၉/၁ တွင် 8C/----Toyota Mark II အဖြူရောင်ယာဉ်သည် မတော်တဆ ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ Facebook တွင် ဖော်ပြထားသည်။အဆိုပါ ယာဉ်သည် ၎င်း၏ရှေ့မှ မောင်းနှင်နေသော ယာဉ်ကို ကျော်တက်ရာမှ အရှိန်လွန်ကာ လမ်းလယ်ကျွန်း Barrier တုံးများကို ဝင်တိုက်မိသဖြင့် ကားမီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်း အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ Facebook တွင် ဖော်ပြထားမှုအရ သိရသည်။ဆက်လက်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မေ ၃၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က မိုင်တိုင်အမှတ် ၃၁၉/၇ အနီးတွင် အဝေးပြေး ခရီးသည်တင်ယာဉ် တစ်စီး မော်တော်ယာဉ်မှ တိုက်ရော့ပြုတ်၍ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အဆိုပါ ခရီးသည်တင် ယာဉ်သည် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး အခင်းဖြစ်ပွားမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၃၁ ဦးအနက် ခြောက်ဦး ဒဏ်ရာ ရရှိသဖြင့် နွားထိုးကြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။မေ ၃၁ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှု ဖြစ်ပွားပြီး မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ဥသျှစ်ကုန်း အမြန်လမ်း ရဲစခန်းမှ စုံစမ်း သိရှိရသည်။ဖြစ်စဉ်မှာ အမြန်လမ်းမကြီး ရန်ကုန်မှ နေပြည်တော်ဘက်သို့အသွား မိုင်တိုင် ၆၁/၁ နှင့် ၆၁/၂ တွင် ယာဉ်မောင်း ဦးဝင်းနိုင် မောင်းနှင်လာသည့် HiJet အမျိုးအစားယာဉ်မှာ စက်ချို့ယွင်းသွားသဖြင့် အခြား ယာဉ်တစ်စီးဖြင့် ဆွဲရန် ပြင်ဆင်နေစဉ် ဖိလစ်ပိုင်နိုင်ငံသား မောင်းနှင်လာသည့် ဖို့ဒ်အမျိုးအစား ယာဉ်မှ တိုက်မိခဲ့ပြီး ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ HiJet ယာဉ်ပေါ်တွင် ခရီးသည် ငါးဦး လိုက်ပါလာခဲ့ပြီး HiJet ယာဉ်မောင်းမှာ မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှု ငါးကြိမ် ဖြစ်ပွားပြီး နှစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ