မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် လွတ်မြောက်ရေးအတွက် ဗကသကျောင်းသားမျာက ဧပြီ ၂၇ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးသို့ လာရောက်၍ ကြွေးကြော်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်မှုဖြင့် စွဲချက်တင်ထားသော ရေပူဆရာတော်အား ဧပြီ ၂၇ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ရာ ဆရာတော် နှင့် ဆရာတော်ဘက်မှ သက်သေ ကိုလင်းကိုကိုဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရေပူဆရာတော်အား စစ်ဆေးမေးမြန်းရာတွင် ဆရာတော်က “အခုစွဲချက်တင်ထားတဲ့ သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ) နဲ့ စပ်လျဉ်းပြီး ဖော်ပြထားတဲ့ ခွင့်ပြုမိန့်စကားရပ်က သစ်တောဥပဒေမှာ သီးခြားဖော်ပြထားတာ မရှိပါဘူး။ သစ်တောဥပဒေပုဒ်မ ၂ (ဌ) မှာ မျှောစာက သစ်တောထွက်ပစ္စည်းတွေကို ပြည်တွင်းမှာ မြို့နယ်ကျော်ပြီး သယ်ယူရွှေ့ပြောင်းနိုင်ဖို့ ဥပဒေအရ ခွင့်ပြုထားတယ်။ အဲဒီ ဥပဒေပုဒ်မ ၂ (ဍ)မှာ ခွင့်ပြုမိန့်ဆိုတာက ဥပဒေအရ သစ်တောထွက်ပစ္စည်းကို ထုတ်ယူခွင့်ပြုတဲ့ အမိန့် (သို့မဟုတ်) သစ်တောထွက်ပစ္စည်းနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းဆောင်ရွက်ခွင့်အမိန့်လို့ ခေါ်တယ်။ ဘုန်းကြီးအနေနဲ့ ကျောင်းဆောက်ဖို့ စုဆောင်းထားတာ ဖြစ်တဲ့အတွက် သစ်တွေကို ထုတ်ယူခဲ့သူတွေနဲ့ ကျောင်းကို သယ်လာသူတွေသာ အပြစ်ရှိပါတယ်”ဟု ထွက်ဆိုခဲ့သည်။
ရေပူဆရာတော်ဘက်မှ သက်သေ ကိုလင်းကိုကိုဦးအား စစ်မေးရာတွင် ၎င်းက ကျောင်းဝင်းအတွင်း တွေ့ရှိရသည့် သစ်များမှာ ကျောင်းဆောက်ရန်အတွက်သာ ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယခုတစ်ကြိမ် ရေပူဆရာတော် ရုံးချိန်းတွင် မကြာသေးမီက လွတ်မြောက်လာသည့် ဗကသ ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိုးကုတ်မြို့ဒေသခံ အများအပြား လာရောက်၍ ဝန်းရံတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ဆရာတော်ကို စွဲဆိုထားတဲ့ အမှုတွေက ဆရာတော် မကျုးလွန်နိုင်ဘူးဆိုတာလည်း သိတယ်။ သေချာအကွက်ဆင်ပြီး စွဲဆိုထားတဲ့ အမှုတွေမြင်တယ်။ ကျောင်းသားတွေအနေနဲ့ အစကကျောင်းသားနဲ့ ဝန်းရံပြည်သူတွေ လွတ်မြောက်ဖို့တောင်းဆိုတယ်။ နိုင်ကျဉ်းတွေ လွတ်မြောက်ဖို့ တောင်းခဲ့တယ်။ အခု ကျွန်တော်တို့ ကျောင်းသားတွေ အကုန်နီးပါး ထောင်ထဲကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အပြင်ကိုရောက်လာပြီ။ ကျန်နေသေးတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် သံဃာတွေ၊ ပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ကျန်ပါသေးတယ်။ အားလုံး လွတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံး ဆက်ပြီး ဝန်းရံသွားမှာပါ။ ကျွန်တော်တို့ ကျောင်းသားဆိုတာ သံဃာနဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ တစ်သားတည်းရှိတယ်ဆိုတာကိုလည်း ပြချင်ပါတယ်”ဟု မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဉာဏ်လင်းထက် က ပြောကြားသည်။
အမှုစစ်ဆေးပြီး တရားခွင်ပြင်ပသို့ ရေပူဆရာတော် ရောက်ရှိလာချိန်တွင် ကျောင်းသားများက “ရေပူဆရာတော် လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ရေး” စသည့် အချက်များ အပါအဝင် ကျောင်းသားသီချင်းများ သီဆို၍ ကြွေးကြော် တောင်းဆိုခဲ့ကြောင်း သိရသည်။
သစ်မှုအား ဆက်လက် စစ်ဆေးနိုင်ရန် အတွက် လာမည့် မေ ၄ ရက်သို့ ထပ်မံချိန်းဆိုကာ အဆိုပါရုံးချိန်း စစ်ဆေးဆဲ ကိုလင်းကိုကိုဦးအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်သည် ကျောင်းဝင်းအတွင်းရှိ စေတီဟောင်းများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီတစ်ဆူ တည်ထားကိုးကွယ်ရန် မြေညှိရှင်းလင်းခြင်း ဆောင်ရွက်ရာမှ တရားမဝင် ကျောက်မျက်တူးဖော်သည်ဟု ဆိုကာ ကျောက်မျက်ဌာနမှ အမှုဖွင့်တရားစွဲဆိုခဲ့ပြီး သာသနာညှိုးနွမ်းစေသည်ဟုဆိုကာ စေတီဟောင်းများအနက် စေတီဟောင်းတစ်ဆူ၏ အလှူရှင်ဟုဆိုသူ ဦးဖေစိန်က တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုနှစ်ခုအပြင် ဆရာတော်၏ ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ဝယ်ယူစုဆောင်းထားသည့် သစ်များနှင့်ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပုဒ်မသုံးခုအနက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅) အား ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက စွဲချက်မတင်ဘဲ တရားရှင်လွှတ်ပေးခဲ့ခြင်းကြောင့် ကျန်ရှိနေသေးသည့် သစ်မှု၊ ကျောက်မျက်မှုတို့ကို ပြင်ဦးလွင်မြို့နယ်နှင့် ခရိုင်ရုံးတို့တွင် ရုံးထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရေပူဆရာတော် လွတ်မြောက်ရေးအတွက် ဗကသကျောင်းသားများ ပြင်ဦးလွင်မြို့နယ် တရားရုံးသို့ လာရောက်၍ ကြွေးကြော်တောင်းဆို