၂၀၁၆ ခုနှစ်အတွက် နွေစပါး စတင် ထွက်ရှိနေပြီး တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခွဲ ပေါက်ဈေးရှိကာ ယခင်နှစ်ထက် ကျပ်တစ်သိန်း မြင့်တက်လျက်ရှိပြီး အစိုးရသစ် အနေဖြင့် ဆန်စပါး ကဏ္ဍတွင် ဦးစားပေး ဆောင်ရွက်ပေးမည်ဟု ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ ပြောကြား

၂၀၁၆ ခုနှစ်အတွက် နွေစပါး စတင် ထွက်ရှိနေပြီး တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခွဲ ပေါက်ဈေးရှိကာ ယခင်နှစ်ထက် ကျပ်တစ်သိန်း မြင့်တက်လျက်ရှိပြီး အစိုးရသစ် အနေဖြင့် ဆန်စပါး ကဏ္ဍတွင် ဦးစားပေး ဆောင်ရွက်ပေးမည်ဟု ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ ပြောကြား
Published 25 April 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

၂၀၁၆ ခုနှစ်အတွက် နွေစပါး စတင် ထွက်ရှိနေပြီး ဆန်ကြမ်း အမျိုးအစားဖြစ်သည့် နွေစပါး တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခွဲ ပေါက်ဈေးရှိကာ ယခင် ၂၀၁၅ ခုနှစ်တွင် ထွက်ရှိသည့် နွေစပါး ဈေးနှုန်းထက် ကျပ်တစ်သိန်း မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။လက်ရှိ အစိုးရသစ် အနေဖြင့် ဆန်စပါး ကဏ္ဍတွင် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် အလားအလာကောင်း များစွာ ရှိနေပြီး ပြည်သူနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက သုံးသပ်သည်။၂၀၁၆ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် နွေစပါး ဈေးနှုန်းမှာ တင်းတစ်ရာလျှင် ကျပ် ငါးသိန်းခွဲ ပေါက်ဈေးရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် နွေစပါး တင်းတစ်ရာလျှင် ကျပ်လေးသိန်းခွဲ ပေါက်ဈေးရှိကြောင်း သိရသည်။ထို့ပြင် ၂၀၁၆ ခုနှစ်တွင် ထွက်ရှိမည့် မိုးစပါး ဈေးနှုန်းမှာ မိုးစပါး တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းနီးပါး ပေါက်ဈေးရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထက် ဈေးနှုန်း ကွာခြားမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ထွက်ရှိခဲ့သည့် မိုးစပါးဈေးနှုန်းမှာ မိုးစပါး တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းနီးပါး ပေါက်ဈေး ရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ထွက်ရှိခဲ့သည့် မိုးစပါး ဈေးနှုန်းမှာ မိုးစပါး တင်းတစ်ရာလျှင် ကျပ်ငါးသိန်း ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။“ဒီနှစ် နွေစပါးက ဈေးကောင်းတယ်။ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက ထွက်တဲ့ နွေစပါးက ဈေးနှုန်း သိပ်မကွာပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာပေါ်တဲ့ နွေစပါးက တင်းတစ်ရာကို လေးသိန်းခွဲပဲ ရှိတယ်။ နွေစပါး ဈေးကောင်းတော့ တောင်သူတွေအတွက် အကျိုးရှိတာပေါ့။ ဒါပေမဲ့ မိုးစပါးကတော့ ပိုကောင်းတယ်။ မိုးစပါးက ဒီနှစ်မှာ တင်းတစ်ရာကို ကျပ်ခြောက်သိန်း ဝန်းကျင်လောက်ပဲ ဖြစ်မှာပါ။ အရင်နှစ်နဲ့ သိပ်မကွာလောက်ပါဘူး” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။ထို့ပြင် ၂၀၁၆ ခုနှစ် မိုးစပါးရာသီမှ စတင်ကာ တောင်သူများအတွက် စိုက်ပျိုးမှု အဆင်ပြေစေရန် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲ စတင် ထုတ်ပေးမည်ဖြစ်ပြီး ပြီးခဲ့သည့် မိုးစပါး ရာသီ၌ လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။“ပဲခူးတိုင်းဘက်မှာ နွေစပါးတွေက တချို့တစ်ဝက် ပေါ်နေပါပြီ။ အခု နွေစပါးက တင်းတစ်ရာကို ငါးသိန်းခွဲ ပေါက်ဈေးရှိတယ်။ မနှစ်ကပေါ်တဲ့ နွေစပါးဈေးက နည်းတယ်။ မနှစ်က လေးသိန်းနဲ့ လေးသိန်းကျော်ကျော်လောက်ပဲ ရှိတာ။ ဒီနှစ်ကတော့ ဈေးကောင်းပါတယ်။ ဈေးကောင်းတော့ တောင်သူတွေအတွက် အကျိုးရှိတာပေါ့” ဟု ပဲခူးတိုင်းဒေသကြီး စဉ့်ကူးကျေးရွာရှိ လယ်စိုက်တောင်သူ ဒေါ်ရွှေသိန်းက ဆိုသည်။လာမည့် မိုးစပါးရာသီတွင် ရာသီဥတု မဖောက်ပြန်ပါက မိုးစပါး အထွက်နှုန်း ပုံမှန် ဖြစ်နိုင်ကြောင်းကိုလည်း ခန့်မှန်းပြောကြားသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်ကြမ်း အမျိုးအစားဖြစ်သည့် ဧည့်မထဆန်ကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး အာဖရိက၊ ဘယ်ဂျီယမ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ မလေးရှားနှင့် ကနေဒါ စသည့် နိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent