သမ္မတ ဦးထင်ကျော်၏ ပထမဆုံး နိုင်ငံခြား ဧည့်သည်များအဖြစ် အီတလီ နိုင်ငံခြားရေး ဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့ သီးခြားစီ လာရောက် တွေ့ဆုံ

သမ္မတ ဦးထင်ကျော်၏ ပထမဆုံး နိုင်ငံခြား ဧည့်သည်များအဖြစ် အီတလီ နိုင်ငံခြားရေး ဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့ သီးခြားစီ လာရောက် တွေ့ဆုံ
Published 6 April 2016
နေရိုင်း၊ ဇေယျာထွန်း

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ပထမဆုံး နိုင်ငံခြား ဧည့်သည်များအဖြစ် အီတလီ နိုင်ငံခြားရေး ဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့ ဧပြီ ၆ ရက်က သမ္မတ အိမ်တော်တွင် သီးခြားစီ လာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။အီတလီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပေါ်လိုဂျန်တီလိုနီဆေလ်ဗာရီနှင့် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဝန်ကြီးနှစ်ဦးတို့ တွေ့ဆုံဆွေးနွေးချိန်မှာ မိနစ် ၃၀ ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။သမ္မတရုံး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အီတလီဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတာကတော့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ အီတလီနဲ့ မြန်မာနိုင်ငံကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်” ဟု ပြောကြားသည်။ဆက်လက်၍ “တရုတ်နိုင်ငံနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ အဓိက မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ဟာကို ပြန်ပြီးတော့ မန်းရှင်းလုပ်ပါတယ်။ အဓိက သုံးချက်ပေါ့။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူလူထုဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့၊ ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ကို ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မူဝါဒ သုံးချက်ပေါ့။ အဲဒါကို တရုတ်က ထောက်ခံကြောင်း ပြောပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးရာတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သီးသန့် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ထို့ပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အကြား စီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် လုပ်နေသည့် လုပ်ငန်းများနှင့် ဆက်လက်လုပ်ချင်သည့် လုပ်ငန်းများလည်း ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။တရုတ်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေများအား လေးစားလိုက်နာရန်နှင့် ဒေသခံ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် တရုတ် ကုမ္ပဏီများအား ညွှန်ကြားထားကြောင်း၊ မြောက်ပိုင်းဒေသ၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေးများအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်သွားရန် ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။ထို့ပြင် သမ္မတ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တရုတ်နိုင်ငံသို့ ဖိတ်ကြားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေ ပြဋ္ဌာန်းနိုင်သည့်အတွက် ဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။နိုင်ငံတော် သမ္မတက ပြောကြားရာတွင်လည်း တရုတ် ခရီးစဉ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အချိန်တွင် ခရီး သတ်မှတ်မည်ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံဘက်မှ ဆက်လက် ကူညီပေးရန်၊ မြန်မာပြည်သူများ အမှန်တကယ် အကျိုးရှိမည် ဆိုပါက တရုတ်နိုင်ငံ အပါအဝင် မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် လက်ကမ်းကြိုရန် အသင့်ရှိကြောင်း ဦးဇော်ဌေးက ဆက်လက်ရှင်းလင်း ပြောကြားသည်။နေပြည်တော်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး၏ လက္ခဏာ ဖြစ်ရန်အတွက် အစောဆုံး တရုတ်သံရုံး တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံဘက်မှ အဓိကထား ပြောကြားခဲ့ကြောင်း သိရသည်။           

Most Read

Most Recent