သံဖြူဇရပ်မြို့နယ် ဝယ်ဝင်္ကရာ ကျေးရွာတွင် ဆေးကြောင်နေသူ တစ်ဦးက မိမိနေအိမ်အား မီးရှို့ပြီး အနီးဝန်းကျင်ရှိ လူငါးဦးအား ဓားဖြင့် ခုတ်သတ် ထွက်ပြေးရာ တပ်မတော်မှ ပစ်ခတ် ဖမ်းဆီး

သံဖြူဇရပ်မြို့နယ် ဝယ်ဝင်္ကရာ ကျေးရွာတွင် ဆေးကြောင်နေသူ တစ်ဦးက မိမိနေအိမ်အား မီးရှို့ပြီး အနီးဝန်းကျင်ရှိ လူငါးဦးအား ဓားဖြင့် ခုတ်သတ် ထွက်ပြေးရာ တပ်မတော်မှ ပစ်ခတ် ဖမ်းဆီး
Published 4 April 2016
ဘိုဘိုမြင့်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝယ်ဝင်္ကရာ ကျေးရွာ ဝဲဘောင်ပိုင်းတွင် ဧပြီ ၄ ရက် နံနက် ၉ နာရီ အချိန်က စိတ်ဖောက်ပြန်သူ တစ်ဦးက ၎င်းနေအိမ်အား မီးရှို့ခြင်း၊ အနီးဝန်းကျင်မှ လူများအား ဓားဖြင့် လိုက်လံ ခုတ်သတ်ခြင်းများ ပြုလုပ်ခဲ့မှုကြောင့် ငါးဦးသေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ပြီး ၎င်းက လုယူရရှိခဲ့သော သေနတ်ဖြင့် ခုခံမှုကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ် ဝယ်ဝင်္ကရာကျေးရွာ ဝဲဘောင်ပိုင်းနေ ကိုယုံအသက် (၄၂) နှစ်၊ (ဘ) ဦးချက်မှ စိတ်ဖောက်ပြန်ကာ ၎င်းနေအိမ်အား မီးရှို့သဖြင့် ၎င်းနေအိမ်အနီးနေ ဦးထွန်းရီ (၇၈) နှစ်က သွားရောက် တားဆီးရာမှ ကိုယုံက ဦးထွန်းရီအား အရိုးသွား (၃) ပေခွဲခန့်ရှိ ထိပ်ဦးချွန် ဓားရှည်ဖြင့် ခုတ်ရာ ဦးထွန်းရီမှာ လည်ပင်းပြတ်ရှ ဒဏ်ရာနှင့် အခင်းဖြစ်ပွားရာ၌ သေဆုံးခဲ့ကြောင်း၊ ထို့နောက် အိမ်နီးချင်းတစ်ဦးဖြစ်သူ ဦးစိန်ခိုင် (၆၀) နှစ်က သွားရောက်တားဆီးရာမှ ကိုယုံက ဓားဖြင့်ခုတ်ခဲ့ရာ ဦးစိန်ခိုင်မှာ ထိုနေရာ၌ပင် သေဆုံးခဲ့ပြီး အနီးရှိ ဦးစိန်ခိုင်၏ ဇနီးဖြစ်သူ ဒေါ်သန်းစု (၅၉) နှစ်အား ဓားဖြင့် ထပ်မံခုတ်ခဲ့ရာ ဒေါ်သန်းစုမှာလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့နောက် ကိုယုံက အနီး ဝန်းကျင်တွင် နေသူများဖြစ်ကြသော ဒေါ်လှစီ (၅၂) နှစ်၊ မနီနီစိုး (၂၇) နှစ်၊ ဦးရှု (၆၂) နှစ်၊ ဒေါ်ဝင်း (၃၀) နှစ်တို့အား ဓားဖြင့်လိုက်လံ ခုတ်ရာမှ ပြင်းထန်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း၊ ၎င်းနောက် ကိုယုံက ရွာအပြင်သို့ ဓားကိုင်ပြီး ထွက်လာရာ လမ်းတွင် ဦးမြင့်လွင် (၃၀) နှစ် ဆိုသူနှင့် တွေ့ဆုံပြီး ဦးမြင့်လွင်အား ဓားဖြင့်ခုတ်ခဲ့ရာ ဦးမြင့်လွင်မှာလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကိုယုံမှာ ဦးမြင့်လွင်အား ဓားဖြင့် ခုတ်သတ်ပြီးနောက် ရွာအတွင်းသို့ ပြန်ဝင်လာရာ ရွာအလယ်ပိုင်းနေ ဦးအောင်ထွန်း (၄၃) နှစ် နေအိမ်ခြံဝင်းသို့ ဝင်ရောက်ပြီး ဦးအောင်ထွန်းအား ဓားဖြင့်ခုတ်ရာ ဦးအောင်ထွန်းမှာ ဓားဒဏ်ရာများဖြင့် ထပ်မံသေဆုံးခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နောင်မှာ ထိုဖြစ်စဉ်အား ကြားသိ၍ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ဦးရှည်နှင့်အတူ နှစ်ဦးမှ အမ်-၂၂ အမျိုးအစား မောင်းပြန်ရိုင်ဖယ် တစ်လက် (သေနတ်အမှတ် 1971 FA 8837) ကိုင်ဆောင်ကာ ဝဲဘောင်ပိုင်း ရွာလယ်လမ်းမအတိုင်း လိုက်လံဖမ်းဆီးစဉ် ကိုယုံက ဦးရှည်အား ဓားဖြင့်ခုတ်ရာ ဦးရှည်တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ကိုယုံက သေနတ်အား လုယူ၍ မီးလောင်မှု ဖြစ်ပွားနေရာ အနီးရှိ ၎င်းပိုင် ရာဘာခြံအတွင်း ပုန်းအောင်းနေခဲ့ကြောင်း၊ နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်အချိန်တွင် တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဝင်းဇော်ဦး၊ တပ်မတော်သားများ၊ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်မှူး ဒုရဲမှူး အေးမင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ကိုယုံအား ရာဘာခြံအတွင်း ဝင်ရောက်ရှာဖွေရာ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် ၎င်းအား ရှာဖွေ တွေ့ရှိပြီး ကိုယုံမှာ အသာတကြည် အဖမ်းမခံဘဲ ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် ကျည် (၁၉) ထောင့် ကုန်သည်အထိ ခုခံပစ်ခတ်သဖြင့် တတက (၄) မှ တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကိုယုံ၏ ဝမ်းဗိုက်နှင့် ဦးခေါင်းတို့တွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာ၌ အသေဖမ်းဆီး ရမိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

စိတ်ဖောက်ပြန်သူ ရှို့ခဲ့သောမီးအား မီးသတ်တပ်ဖွဲ့မှ ငြိမ်းသက်နေစဉ် မီးလောင်မှု ဖြစ်ပွားရာ ကိုယုံ၏ နေအိမ်သို့ မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များမှာ နံနက် ၉ နာရီ မိနစ် ၃၀ အချိန် ကတည်းက ရောက်ရှိနေကြသော်လည်း လုံခြုံရေး အခြေအနေကြောင့် မီးလောင်ရာသို့ ဝင်ရောက်မီးငြှိမ်းသတ်နိုင်ခြင်း မရှိ၍ ကိုယုံအား အသေဖမ်းဆီးရမိပြီးနောက် မွန်းတည့် (၁၂) နာရီအချိန်မှ မီးစတင် ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးအား မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ကိုယုံ၏ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာအိမ်အပြင် အနီးရှိ ဦးထွန်းရီ၊ ဦးပီနှင့် ဦးတိမ်တို့၏ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ် (၃) လုံး၊ စုစုပေါင်း လူနေအိမ် လေးလုံးခန့် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။“တချို့ကလည်း စိတ်ဖောက်သွားတယ်လို့လည်း ပြောတယ်။ တချို့ကလည်း ဆေးတွေသုံးလို့ စိတ်ဖောက်သွားတယ်လို့ ပြောတယ်။ ပွဲချင်းပြီး သေတာက ငါးယောက်၊ ဒဏ်ရာရသွားတဲ့သူက ငါးယောက်၊ ခြောက်ယောက်လောက် ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို သံဖြူဇရပ် ဆေးရုံနဲ့ မော်လမြိုင် ဆေးရုံကို ပို့ထားပါတယ်။ အိမ်လေးလုံး မီးလောင်သွားပါတယ်” ဟု ဝယ်ဝင်္ကရာကျေးရွာမှ ကိုဝဏ္ဏမှ Daily Eleven သတင်းစာသို့ ပြောကြားသည်။ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒဏ်ရာရရှိသူ ဒေါ်လှစီပါ ငါးဦးနှင့် သေဆုံးသူ ကိုယုံပါ ခြောက်ဦးတို့အား သံဖြူဇရပ်နှင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံများတို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။  

Most Read

Most Recent