ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကျွန်တော်ဦးဆောင်ပြီး ကျွန်တော်တာဝန်ကျခဲ့တဲ့နယ်မှာ ရေတုံကင်ပေါင်းများစွာ တူးဖြစ်ခဲ့ပါတယ်။ တိတိကျကျဆိုရရင် အလှူရှင်များရဲ့ အင်အားနဲ့ တစ်မြို့နယ်လုံးမှာ ၉၆ ခုတူးပေးနိုင်ခဲ့ပါတယ်။ တုံကင်တစ်ခုတူးလို့ အောင်မြင်တယ်ဆိုလိုက်တိုင်း ပီတိစိတ်နဲ့ ကျေနပ်အားရမိပေမယ့် သက်ပြင်းမော တစ်ခုကိုတော့ အလိုလိုချမိပါတယ်။ ကျွန်တော် အဲဒီတစ်ရာနီးပါးသော တုံကင်တွေကို မတတ်သာလို့သာ တူးဖြစ်ခဲ့တာပါ။ တကယ့်ကို မတတ်သာလို့ပါ။
၂၀၁၅ မိုးတွင်းမှာ ကျွန်တော် တာဝန်ကျတဲ့နယ်မှာ ချောင်းရေနှစ်ခါ၊ မြစ်ရေ သုံးခါလောက် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ သူများမြို့နယ်တွေနှင့်မတူ မြစ်ရေကြီးတာ ၁၇ မိုင် ၁၈ မိုင်လောက် ရေပြင်ကျယ်ကြီး ဖြစ်သွားတာပါ။ မိသားစုပေါင်း တစ်သောင်းဝန်းကျင် ရေကြီးတဲ့ဒဏ်ကို ခံလိုက်ရပါတယ်။ ရက်ပေါင်းများစွာ ရေပြင်ကြီးထဲမှာ အိမ်တွေပေါ်မှာ ဆင့်တွေထိုးရင်း မိသားစုတွေအားလုံး သဘာဝကျိန်စာကို ရင်စည်းခံခဲ့ရပါတယ်။ အဓိက အခက်အခဲတွေ့ရတာ သောက်သုံးရေပါပဲ။ ရေအရင်းအမြစ်တွေအားလုံး ရေအောက်ရောက်ကုန်ပြီး ရောနှောကုန်ပါပြီ၊ ညစ်ပတ်ကုန်ပါပြီ။ သူငယ်ချင်းတစ်ယောက်က အမြန်ဆုံးစီစဉ်ပေးတာ လှူဒါန်းလိုက်တဲ့ ရေသန့်ဆေးထုပ်တွေနှင့် အခြားအခြားသော အလှူရှင်များက လှူဒါန်းတဲ့ ရေသန့်ဆေးထုပ် ဆေးပြားတွေသာ အချိန်မီ ရောက်မလာရင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကျွန်တော်တို့ ကျန်းမာရေးဌာန နပန်းလုံးရတော့မှာပါ။
အဲဒီမှာတင် ကျွန်တော်ရေမြုပ်သုံး တုံကင်တွေကို စတင်လုပ်ဖို့ အကြံဖြစ်လာခဲ့ပါတော့တယ်။ ရေဘယ်လောက်တက်တက် ရေတက်တဲ့ အမြင့်ထက်ကျော်အောင် ရေအရင်းအမြစ်ကို မြှင့်လိုက်တာပါပဲ။ မြှင့်တင်ချင်တဲ့ အမြင့်ကို ကွန်ကရစ်ခွေတွေဆင့် အဲဒီအထဲမြေကြီးထည့် မြှင့်တင်လိုက်ပြီး သာမန်အချိန်တွေမှာလည်း သုံးလို့ရအောင် လှေကားထစ်ကလေးတွေ လုပ်ပေးထားလိုက်တာပါပဲ။ အစကတော့ ကျန်းမာရေးဌာန ၁၀ ခုမှာ ဌာနတစ်ခုကို စံပြတစ်ခုဆီ အလှူရှင်များရဲ့ ကူညီမှုနှင့် တူးပေးမယ်လို့ ရည်ရွယ်ထားပေမယ့် အလှူရှင်မိတ်ဆွေများရဲ့ အားပေးမှုကြောင့် ရေမြုပ်ခဲ့သော ရွာပေါင်း ၁၀၆ ရွာရှိရာမှာ ၉၆ ရွာမှာ ရေမြုပ်သုံး တုံကင်တွေ ရှိသွားခဲ့ပါတယ်။ (တစ်မြို့နယ်လုံး ကျန်းမာရေးဌာနပေါင်း ၁၄ ခုက ရေမြုပ်ရေကြီးခြင်းကို ကြုံခဲ့ရတာပါ) အနည်းဆုံး အမြင့် လေးပေကနေ အမြင့်ဆုံး ၁၀ ပေအထိ ရေမြုပ်ချိန်သုံး တုံကင်တွေ (ရေကြီးချိန်မှာ ရေမြုပ်ချိန်သုံးတုံကင် ရေမကြီးချိန်မှာတော့ အမြင့်တုံကင်) တစ်မြို့နယ်လုံး နေရာအနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
တကယ်တော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့ဟာ မြေအောက်ရေတွေထဲမှာ စိန်ဓာတ် (အာဆင်းနစ်) ပါဝင်ခြင်း ခြိမ်းခြောက်မှု ရှိတယ်ဆိုတာကို ကျွန်တော်သိပြီးသား ဖြစ်ပါတယ်။ တုံကင်တစ်ခု တူးပြီးတိုင်း အာဆင်းနစ်ဆိုတဲ့ စကားလုံးဟာ ကျွန်တော့်ဦးနှောက်ထဲကို ဝင်လာနှောင့်ယှက်တတ်ပါတယ်။ အာဆင်းနစ် အဆိပ်သင့်ရင် ရေရှည်ကျမှ ထိခိုက်မှာ။ ခုလတ်တလော ဝမ်းလျှောဝမ်းပျက်က ချက်ချင်းအန္တရာယ်ဆိုပြီး မျက်စိမှိတ်ကာ ရေမြုပ်ချိန်သုံး တုံကင်တွေကို တူးပေးနေရပေမယ့် ရင်ထဲမှာတော့ မချိလှပါဘူး။ တွင်းအကုန်လုံးကို အာဆင်းနစ် စစ်ပေးဖို့ကလည်း အလျဉ်မမီခဲ့ပါဘူး။ မစီစဉ်နိုင်ခဲ့ပါဘူး။ တစ်နေ့တစ်ချိန် ပြန်လည်ဆောင်ရွက်ပေးရမယ့် အကြွေးလို့သာ သတ်မှတ်ရင်း အဲဒီနယ်ကို ကျွန်တော်ကကျောခိုင်းကာ မဟာဘွဲ့လွန်သင်တန်း ဆက်တက်နေမိပါတော့တယ်။ အာဆင်းနစ် ပြဿနာတင်မက မြေအောက်ရေကို ကြာရှည်အသုံးများသွားရင် နောက်ဆက်တွဲ သဘာ၀၀န်းကျင်မှာ ဘယ်လိုတွေ ထိခိုက်မှု ရှိမယ်ဆိုတာလည်း စိတ်ထဲတွေးပူနေပါသေးတယ်။ ဒါကြောင့်လည်း ရေတွင်းတစ်တွင်းတူးပြီးတိုင်း သက်ပြင်းတစ်ချက်ကို ချလိုက်မိတာပါပဲ။
တကယ်တော့ ကျွန်တော်ယုံကြည်တာက surface water လို့ခေါ်တဲ့ ရေကန်တွေ၊ မြစ်တွေ၊ ချောင်းတွေပါပဲ။ တကယ် ကျွန်တော်လုပ်ပေးချင်တာက ရွာတိုင်းရွာတိုင်းမှာ သောက်ရေကန်တွေ တူးပေးဖို့ပါပဲ။ ကွန်ကရစ် မိုးရေကန်တွေလုပ်မယ်။ မိုးတွင်းကမိုးရေကို လှောင်ထားမယ်။ ဒါမှမဟုတ် မြေကြီးကိုတူး၊ သောက်ရေကန်လုပ်၊ ပတ်ဝန်းကျင်မှာ အကောင်တိရစ္ဆာန်တွေ မဝင်ရအောင် အတားအဆီးတွေလုပ်၊ ရေကန်ပတ်လည်တွေမှာ အရိပ်ရအပင်ကြီးတွေစိုက်၊ သာသာယာယာ စိုစိုပြည်ပြည် ညနေခင်းကျေးရွာတွေရဲ့ ရေခပ်ဆင်းချိန်ကို အကောင်အထည် ဖော်ချင်ခဲ့သူပါ။ စိတ်ကူးယဉ်ခဲ့သူပါ။ ဒါပေမဲ့ ရေကြီးချိန်မှာ ရေမငတ်ရအောင် တစ်ခုတည်းသော အလွယ်ဆုံး အရှင်းဆုံးနည်းဖြစ်တဲ့ ရေမြုပ်ချိန်သုံး ရေတုံကင်တွေကိုသာ တစ်ခုပြီးတစ်ခု မိတ်ဆွေများရဲ့ အင်အားနှင့် တည်ဆောက်လှူဒါန်းဖြစ်ခဲ့ရပါတယ်။ တစ်နေ့တစ်ချိန်တော့ ကျေးရွာတွေမှာ စံပြသောက်ရေကန်တွေ တူးပေးချင်ပါသေးတယ်။ ရွာရဲ့ထိပ်ဦး သာယာလှတဲ့ အရိပ်ရပင်တွေ ဝန်းရံပြီး ခြံစည်းရိုးကလေး ကာထားတဲ့ သောက်ရေကန်ကလေးမှာ ရေကြည်ကြည်လေးတွေကို ကျေးရွာနေ လုံမေတွေက ပျော်ပျော်ရွှင်ရွှင် ရေခပ်ဆင်း၊ ကာလသားတွေက အရိပ်ရအပင်တွေအောက်က မြေတလင်းမှာ ခြင်းကစားရင်း အားကစားလုပ်ရင်း ကြည်နူးနေရမယ့် ညနေခင်းလေးတွေကို ကျေးလက်ကို လက်ဆောင် ပေးချင်ပါသေးတယ်။
အဲဒီအတွေးရဲ့နောက်မှာ ဆက်တိုက်ဝင်လာတာက ပူပြင်းတဲ့ နွေရာသီမှာ ရေကန်တွေအတွင်း ရေခန်းခြောက်ခြင်း ပြဿနာပါပဲ။ ရေကန်တွင်းက ရေတွေဟာ သုံးစွဲခြင်းအပြင် အခြားဘာကြောင့် ဆုံးရှုံးတတ်ပါသလဲ။ ရေငွေ့ပြန်လို့ မြေထဲစိမ့်ဝင်လို့ပါပဲ။ ဆိုခဲ့သလို ရေကန်အပေါ် တိုက်ရိုက်မဟုတ်ပေမယ့် ရေကန်ဘေးပတ်လည်မှာ အရိပ်ရပင်တွေ စိုက်ပျိုးခြင်းဟာ ရေကန်ထဲကရေတွေ အငွေ့ပျံနှုန်းကို သိသာစွာ လျော့နည်းစေတတ်ပါတယ်။ အဲဒီအရိပ်ရ အပင်ကြီးတွေရဲ့ ရေသောက်မြစ်တွေက ရေကန်ထဲက ရေတွေကို စုပ်ယူသွားမလားဆိုတဲ့ ယူဆချက်ရှိပေမယ့် သူတို့ယူတာနှင့် သူတို့ကြောင့်ရေနေတာက အပုံကြီးကွာလှပါတယ်။ နောက်ထပ်သဘာဝအရ ရေဆုံးရှုံးမှုဖြစ်တဲ့ မြေကြီးထဲသို့ ရေစိမ့်ဝင်ခြင်းမှာ အဓိကက သောက်ရေကန်ရှိသော နေရာရဲ့ မြေအနေအထားပဲ ဖြစ်ပါတယ်။ အောက်ခြေနှင့် ရေကန်နံဘေးက မြေကြီးရဲ့ အမျိုးအစားပေါ် မူတည်ပြီး ရေစိမ့်ဝင်မှု ကွဲပြားပါတယ်။ အကယ်၍ ရွှံ့စေးမြေပါဝင်မှုများရင် အစိမ့်နည်းတတ်ပြီး သဲမြေဆန်ရင် အစိမ့်မြန်ပါတယ်။ စနစ်ကျတဲ့ မြေကြီးသောက်ရေကန်တူးခြင်း အစီအစဉ်မှာ တူးပြီးသောက်ရေကန်ရဲ့နံရံနှင့် အောက်ခြေတွေကို အသင့်ရှာထားတဲ့ ရွှံ့စေးမြေ ခြောက်လက်မထုလောက်မံပြီး ခင်းကာပေးလိုက်ရင် ရေစိမ့်ထွက်နှုန်း လျော့ကျသွားပြီး ရေကန်တွင်းမှာ ရေကြာကြာနေတယ်ဆိုတာ သိရှိထားပါတယ်။
ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာက ခုမှလာပါပြီ။ Geo-membrane ဆိုတာကို တင်ပြချင်တာပါပဲ။ Geo-membrane ဆိုတာကို အဘိဓာန်မှာ ဒီလိုဆိုပါတယ်။ A geo-membrane is very low permeability synthetic membrane liner or barrier used with any geotechnical engineering related material so as to control fluid (or gas) migration in a human-made project, structure, or system လူလုပ်တဲ့ စီမံချက် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ရေကိုဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ပေးမယ့် စိမ့်ဝင်မှုအနည်းဆုံး ထုတ်လုပ်ထားသော အခင်းအကာလို့ အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုရမှာပါ။ နွေရာသီ ရေခန်းခြောက်ချိန်မှာ သောက်ရေကန်အတွင်းနှင့် ဘေးနံရံကနေ တစ်ပေထုလောက်ရှိတဲ့ မြေကြီးကိုတူးယူ၊ ဘေးတွင်ပုံထားပြီးရင် ရေကန်အောက်ခြေနှင့်နံရံကို Geo-membrane နှင့်ခင်းကာရပါ့ မယ်။ ပြီးမှ ဘေးပုံထားတဲ့မြေကြီးကို ရေအနည်းငယ်နှင့် ရောမွှေကာ Geo-membrane အပေါ်ပြန်ခင်းမံလိုက်ရုံပါပဲ။ ဒါဆိုရင် နောက်တစ်နှစ် ရေဝင်ချိန်မှာ ရေပြန်ပြည့်လာပြီး အဲဒီရေဟာ အရင့်အရင်နှစ်တွေထက် ပိုမိုစွာ ရေကိုထိန်းလာနိုင်တယ် ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း သဲကန္တာရထဲက ဘုရင့်ဂေါက်ကွင်းတွေထဲက ရေကန်တွေမှာတောင် ဒီလိုနည်းပညာကို အသုံးပြုတယ်ဆိုတာ သိရှိရပါတယ်။ မြန်မာပြည်မှာလည်း Geo-membrane ကိုထုတ်ပေးနိုင်တဲ့သူ ထုတ်ပေးနိုင်တဲ့ နည်းပညာရှိလာပါပြီ။ တန်ကြေးကလည်း ပလတ်စတစ်ဈေးသာသာမို့ လက်လှမ်းတမီပါပဲ။ အဲဒီနည်းပညာကို အပတ်တကုတ်ကြိုးစား စမ်းသပ်နေတဲ့ ပညာရှင်တွေလည်း ရှိနေပါတယ်။ (ကျွန်တော်ရေအတွက် အရူးအမူးဖြစ်နေလို့ ဒီလိုအချက်အလက်တွေကို ဒီပညာရှင်ကပဲ ဆွေးနွေးပြောဆိုခဲ့တာပါ)။ သူကိုယ်တိုင် စမ်းသပ်လုပ်ကိုင်နေတဲ့ ရေကန်တွေလည်း ရှိနေခဲ့ပါပြီ။ သာမန်ရေကန်တွေထက် ရေပိုနေတယ်။ သောက်သုံးရေ ပိုမိုသုံးစွဲနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ။ သူများနိုင်ငံတွေထက် ကျွန်တော်တို့မှာ လိုအပ်နေတာက Geo-membrane ချုပ်စက်ပါပဲ။ ရေကန်အောက်ခြေမှာ အစတွေခင်းပြီးရင် အဲဒီအစတွေကို ထပ်သွားအောင် ချုပ်တဲ့ချုပ်စက် (ရွေ့လျားစက်ပါ ချုပ်ထည်ကအငြိမ် ချုပ်စက်က ရှေ့နောက်ဘေးဘယ်ညာ ရွှေ့ပြောင်းချုပ်ရမှာပါ) Seaming machine လိုအပ်နေပါသေးတယ်။ အဲဒီစက်နှင့်သာ ချုပ်နိုင်မယ်ခင်းနိုင်မယ်ဆိုရင် သောက်ရေပြဿနာဟာ ကျန်းမာရေးနှင့်ရော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်နှင့်ပါ အတော့်ကိုညီညွတ်စွာ အဆင်ပြေသွားနိုင်ပါလိမ့်မယ်။ (အစဉ်အမြဲ ကျွန်တော်လုပ်ချင်တာကို ကူညီပေးနေတဲ့ မိတ်ဆွေအဖွဲ့တစ်ဖွဲ့က သူတို့အဲဒီစက်ကို ရှာဝယ်ပေးမယ်လို့ ဆိုထားပါတယ်)။ စက်မရခင်တော့ ခင်းတဲ့အခါ အထပ် (overlapping) များများယူပြီး ခင်းရပါလိမ့်မယ်။ တစ်ပေလောက်ထပ်ပြီး ခင်းလိုက်ပြီး မြေတင်လိုက်ရင်တော့ ထပ်ချုပ်သလောက် ရေထိန်းနိုင်မယ် ထင်ပါတယ်။
အခကြေးငွေရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်ကျိုးအတွက် လုပ်သည်ဖြစ်စေ ပရဟိတလုပ်သည်ဖြစ်စေ စဉ်းစားရမယ့်အချက်တွေ ရှိနေပါတယ်။ ငွေကြေးနှင့် အကျိုးအမြတ်အချိုး (cost effectiveness)၊ ရေရှည်ဆောင်ရွက်နိုင်မှု (sustainability)၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု (environ- mental friendly) တို့ပဲဖြစ်ပါတယ်။ လတ်တလော အကျိုးရှိစေပေမယ့် ရေရှည်ထိခိုက်နိုင်တဲ့ အနုတ်စွန်း (negative externalities) တွေကို ရှောင်ရပါမယ်။ ဥပမာ လတ်တလော လမ်းတွေကောင်းမယ် အလုပ်အကိုင်တွေရမယ် မီးတွေ ဆေးရုံတွေကျောင်းတွေ ဖွံ့ဖြိုးသွားပေမယ့် ရေရှည်မှာ ကျန်းမာရေးရော သဘာ၀၀န်းကျင်ကိုရော ထိခိုက်စေနိုင်တဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းဆိုတာမျိုးတွေပဲ ဖြစ်ပါတယ်။ ကျွဲကူးရေပါ အကျိုးရှိစေမယ့် အပေါင်းစွန်း (positive externa-lities) ဆိုရင်တော့ လက်ခံစဉ်းစားရပါမယ်။ ဥပမာ စိုက်ပျိုးရေးသမားတစ်ဦးဟာ ပျားရည်သောက်ချင်လို့ ပျားမွေးခဲ့ပါတယ်။ ပျားတွေက ပျားရည်ထုတ်ပေးရုံမက သူ့ခြံထဲက ပန်းပင်တွေကိုပါ ဝတ်မှုန်ကူးစေတဲ့အတွက် ပန်းတွေအထွက်တိုးတာမျိုးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေချမှတ်ရာမှာလည်း အနုတ်စွန်းတွေ ဖြစ်မသွားဖို့ အရေးကြီးလှပါတယ်။
ကျွန်တော်ကတော့ လတ်တလော ရေရှားတဲ့ပြဿနာအတွက် ရေတွင်းတွေတူးတာကို အားပေးပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ မျက်နှာပြင်ရေပြင် တည်ဆောက်ထိန်းသိမ်းရေး (surface water maintaining) ကိုလည်း အစီအစဉ်ဆွဲ လုပ်ပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။ ရေဟာအသက်ပါ။ ရေဟာ မရှိမဖြစ်ပါ။ ရေကို မပြတ်လပ်ရအောင် စီမံရပါ့မယ်။ စီမံတဲ့အခါ ရေရှည်အကျိုးရှိမယ့် လုပ်ငန်းစဉ်ကို ချမှတ်ရပါတော့မယ်။ စဉ်းစားနိုင်ရန် တင်ပြအပ်ပါသည်။










