ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားခဲ့သည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်မှ ဘဏ်လေးခုကို ပဏာမ ရွေးချယ်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ မတ် ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။ဗီယက်နမ်နိုင်ငံမှ BIDV (Bank For Investment and Development of Vietnam)၊ ထိုင်ဝမ်နိုင်ငံမှ E.Sun Commercial Bank၊ တောင်ကိုရီးယားနိုင်ငံမှ Shinhan Bank နှင့် State Bank of India တို့ ပါဝင်ကြောင်း သိရသည်။ ထိုကဲ့သို့ ပဏာမ ရွေးချယ်ခံရသော နိုင်ငံခြားဘဏ်များ အနေဖြင့် ၁၂ လ အချိန်ကာလအတွင်း သတ်မှတ်ထားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းရမည် ဖြစ်ကြောင်း သိရသည်။ဗဟိုဘဏ်က ဒုတိယအကြိမ် နိုင်ငံခြားဘဏ်ခွဲ လိုင်စင်လျှောက်ထားခွင့်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပေးအပ်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်အထိ လက်ခံခဲ့ခြင်းဖြစ်သည်။ လျှောက်ထားသည့် ဘဏ်များအနက် ထိုင်ဝမ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ဘဏ်ရှစ်ဘဏ် ပါဝင်ခဲ့သည်။ဘဏ်ခွဲဖွင့်ခွင့်လိုင်စင်အတွက် ထိုင်ဝမ် နိုင်ငံမှ လျှောက်ထားသော ဘဏ်များမှာ Cathay United Bank၊ CTBC Bank၊ E. Sun Commercial Bank၊ First Commercial Bank၊ Mega International၊ Thaiwan Business Bank၊ Thaiwan Cooperative Bank၊ Thaiwan Shin Kong Commercial Bank တို့ဖြစ်သည်။ထို့ပြင် တောင်ကိုရီးယားနိုင်ငံမှ Kookmin Bank နှင့် Shinhan Bank၊ ဗီယက်နမ်နိုင်ငံမှ BIDV ၊ အိန္ဒိယနိုင်ငံမှ State Bank of India၊ မောရစ်သျှနိုင်ငံမှ State Bank of Mauritius ဘဏ်တို့လည်း ပါဝင် လျှောက်ထားခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြား ဘဏ်ခွဲ ဖွင့်လှစ်ခွင့်လိုင်စင်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ပေးခဲ့ပြီး နိုင်ငံပေါင်း ခြောက်နိုင်ငံမှ ဘဏ်လုပ်ငန်း ကိုးခုကို လိုင်စင်ထုတ်ပေးခဲ့သည်။ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ လိုင်စင်ရ နိုင်ငံခြားဘဏ်များသည် ဘဏ်ခွဲတစ်ခုသာ ဖွင့်ခွင့်ရရှိမည်ဖြစ်ပြီး မတည်ငွေအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်း မြှုပ်နှံရမည်ဖြစ်ကာ ထက်ဝက်ကျော်ကို နိုင်ငံတော်ဗဟိုဘဏ်ကို အပ်နှံထားရမည်ဖြစ်သည်။ထို့ပြင် ယင်းဘဏ်ခွဲများသည် လက်လီ ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက်မရှိဘဲ လက်ကားဘဏ်လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ပြည်ပကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များဖြင့်သာ ပူးပေါင်းလုပ်ဆောင်ရန် ကန့်သတ်ထားသည်။ချမှတ်ထားသည့် စည်းမျဉ်းများအရ နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားလုပ်ငန်းများကိုသာ ငွေထုတ်ချေးနိုင်မည်ဖြစ်ပြီး ထုတ်ချေးမည့် အတိုးနှုန်းကို ၁၀ မှ ၁၃ ရာ ခိုင်နှုန်းကြား သတ်မှတ်ထားကာ နိုင်ငံခြားငွေဖြင့် ထုတ်ချေးမည်ဆိုလျှင် နှစ်ဦးသဘောတူ သင့်တော်သည့်နှုန်းထားဖြင့် ထုတ်ချေးနိုင်သည်ဟု သိရသည်။မြန်မာနိုင်ငံသည် ၁၉၆၃ ခုနှစ်နောက်ပိုင်းမှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားဘဏ်ခွဲ လုပ်ကိုင်ခွင့်လိုင်စင် ကိုးခု ချထားပေးခဲ့ရာ၂၀၁၆ ခုနှစ် ပထမသုံးလပတ်အတွင်း နောက်ထပ် လုပ်ကိုင်ခွင့် လိုင်စင်များ ပေးအပ်ရန် စီစဉ်ခြင်းဖြစ်သည်။
ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လိုင်စင်အတွက် ဘဏ်လေးခုအား ပဏာမအဆင့် ရွေးချယ်










