ဂျာမနီနိုင်ငံအခြေစိုက် လက်လီကုန်တိုက် အရောင်းဆိုင် လုပ်ငန်းကြီး တစ်ခုဖြစ်သော Metro က မြန်မာဈေးကွက်သို့ ဝင်ရောက်ရန် စိတ်ဝင်စားနေသည်ဟု ဂျာမန်အပတ်စဉ် စီးပွားရေးမဂ္ဂဇင်း Wirtschafts Woche တွင် ပါဝင်သည့် အင်တာဗျူး တစ်ခုတွင် ဖော်ပြထားချက်အရ သိရသည်။
ဂျာမန်လက်လီနှင့် ဖြန့်ချိရေး ကုမ္ပဏီကြီးသည် မြန်မာနိုင်ငံနှင့် စီးပွားရေးပိတ်ဆို့မှုမှ လွတ်မြောက်လာနိုင်သည့် အီရန်နိုင်ငံတို့တွင် ၎င်းတို့၏ လုပ်ငန်းများ တိုးချဲ့ရန်အတွက် ယခုနှစ်ကုန် မတိုင်မီ ဆုံးဖြတ်ချက် ချသွားမည် ဖြစ်ကြောင်း Metro ၏ အမှုဆောင်အရာရှိချုပ် Olaf Koch က ပြောသည်။
"မြန်မာနိုင်ငံရဲ့ ပွင့်လင်းလာတဲ့ နိုင်ငံရေး အခြေအနေနဲ့ တိုးတက်မြင့်မားလာတဲ့ စီးပွားရေး အလားအလာတွေကြောင့် အကျိုးအမြတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာအပါအဝင် လုပ်ငန်းတိုးချဲ့မည့် အစီအစဉ်များအတွက် ကြိုတင်ပြင်ဆင်မှုများ၊ တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး "ဒီနှစ်ကုန်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ခရီးစဉ်က ဘယ်ကိုဦးတည်သွားမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်" ဟု Olaf Koch က ဆိုသည်။
Metro ၏ လက်လီအရောင်းဆိုင်များတွင် အီလက်ထရွန်နစ် အရောင်းတွဲဖြစ်သည့် Media Makt နှင့် Saturn၊ စူပါမားကတ် အရောင်းတွဲဖြစ်သည့် Real နှင့် ဟိုက်ပါမားကတ် အရောင်းဆိုင်တွဲဖြစ်သည့် Metro Cash & Carry တို့ ပါဝင်ပြီး မြန်မာနိုင်ငံတွင် မည်သည့် လက်လီဆိုင်များ ဖွင့်လှစ်မည်ကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
Metro အုပ်စုသည် ၎င်းတို့၏ လက်လီနှင့် ဖြန့်ဖြူးရောင်းချရေး ဆိုင်များကို ဥရောပ ၂၅ နိုင်ငံ၊ အာရှငါးနိုင်ငံနှင့် အာဖရိက တစ်နိုင်ငံတို့တွင် ဖွင့်လှစ်ထားပြီး ယခုအာရှနိုင်ငံ များဖြစ်သည့် မြန်မာနှင့် အီရန်တို့တွင် အရောင်းဆိုင်များ ဖွင့်လှစ်ရန် စီစဉ်လာခြင်းဖြစ်သည်။
ဂျာမနီနိုင်ငံ Dusseldort မြို့တွင် အခြေစိုက်သော Metro ကို ၁၉၆၄ ခုတွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ လက်ရှိ အချိန်တွင် ဝန်ထမ်းပေါင်း ၂၂၀၀၀၀ ကျော်ရှိကာ ၂၀၁၅ ခုနှစ်တွင် အရောင်းဝင်ငွေ ယူရို ၅၉ ဒသမ ၂၁ ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။
ဂျာမနီအခြေစိုက် Metro လက်လီကုန်တိုက် အရောင်းဆိုင်အုပ်စု မြန်မာဈေးကွက်သို့ ဝင်ရောက်ရန် စိတ်ဝင်စားနေ










