ရန်ကုန်စတော့ အိတ်ချိန်းကို ၂၀၁၆ မတ်လနောက်ဆုံးပတ်တွင် စတင်မည်ဖြစ်ပြီး ရှယ်ယာစတင် ရောင်းချခွင့်ရမည့် ကုမ္ပဏီကို စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ရွေးချယ်ထားသည့် အများပိုင်ကုမ္ပဏီ ခြောက်ခုရှိကြောင်း သိရသည်။
"ရန်ကုန်စတော့ အိတ်ချိန်းက အခုမတ်လ နောက်ဆုံးအပတ်ကို နောက်ဆုံးထားပြီး စတင်သွားမှာပါ။ ကုမ္ပဏီခြောက်ခု အနက်မှာ ကုမ္ပဏီတစ်ခုကသာ ရှယ်ယာစတင် ရောင်းချခွင့် ရရင်ရမယ်။ ဒါမှမဟုတ် ကုမ္ပဏီ နှစ်ခု ဖြစ်ရင်လည်း ဖြစ်မယ်။ ဒါကတော့ Under Going Process ပေါ့" ဟု SECM မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာစတင် ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment, First Private Bank (ပထမပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co.,Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ရွေးချယ်ထားသည့် အများပိုင်ကုမ္ပဏီ ခြောက်ခုအနက် ကုမ္ပဏီတစ်ခု (သို့မဟုတ်) နှစ်ခုကသာလျှင် ပထမဆုံးရှယ်ယာ စတင်ရောင်းချခွင့် ရမည်ဖြစ်ကာ ကျန်ကုမ္ပဏီများကို တစ်လခြားစီ ရှယ်ယာရောင်းချခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
စတော့ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ခြင်းကို နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲတစ်နာရီတွင် တစ်ကြိမ် ရှယ်ယာ အရောင်းအဝယ်များကို Matching ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းကို ဂျပန်-မြန်မာ ဖက်စပ်တည်ထောင်ခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်း ဖက်စပ်ကုမ္ပဏီလီမိတက် (YSX) သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မှတ်ပုံတင်ဖွဲ့စည်းခဲ့ပြီး ခွင့်ပြု မ,တည်ရင်းနှီးငွေမှာ ကျပ် ၁၀၀ ဘီလျံနှင့် ထည့်ဝင်ရင်းနှီးငွေမှာ ကျပ် ၃၂ ဘီလျံဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း သိရသည်။
စတော့အိတ်ချိန်းအတွက် စံသတ်မှတ်ချက် ၁၇ ချက် သတ်မှတ်ထားပြီး ယခုခွင့်ပြုခဲ့သည့် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းချခွင့်လုပ်ငန်း လိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းကို မတ်လနောက်ဆုံးပတ် စတင်မည်ဖြစ်ပြီး ရှယ်ယာစတင် ရောင်းချခွင့်ရမည့် ကုမ္ပဏီကို စိစစ်ဆဲဟုဆို










