မွန်ပြည်နယ်အတွင်း အတ္ထရံမြစ်ရေကို သန့်စင်၍ ဖြန့်ဝေခြင်း လုပ်ငန်းအား BOT စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း အပါအဝင် ပြည်ထောင်စုအဆင့် စီမံကိန်း သုံးခုနှင့် အထပ်မြင့် ဟိုတယ်၊ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ပါဝင်သော ပြည်နယ်အဆင့် စီမံကိန်း သုံးခုအား ဆိုင်းငံ့

မွန်ပြည်နယ်အတွင်း အတ္ထရံမြစ်ရေကို သန့်စင်၍ ဖြန့်ဝေခြင်း လုပ်ငန်းအား BOT စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း အပါအဝင် ပြည်ထောင်စုအဆင့် စီမံကိန်း သုံးခုနှင့် အထပ်မြင့် ဟိုတယ်၊ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ပါဝင်သော ပြည်နယ်အဆင့် စီမံကိန်း သုံးခုအား ဆိုင်းငံ့
Published 2 March 2016
ဘိုဘိုမြင့် (မော်လမြိုင်)

မွန်ပြည်နယ်အတွင်း အကောင်အထည် ဖော်မည့် အတ္ထရံမြစ်မှ မြစ်ရေကို သန့်စင်၍ ဖြန့်ဝေခြင်း လုပ်ငန်းကို BOT စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း အပါအဝင် ပြည်ထောင်စုအဆင့် စီမံကိန်း သုံးခုနှင့် အထပ်မြင့် ဟိုတယ် စီမံကိန်းနှင့် တန်ဖိုးသင့် အိမ်ရာ စီမံကိန်း ပါဝင်သော ပြည်နယ်အဆင့် စီမံကိန်း သုံးခုအား ဆိုင်းငံ့ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ဆိုင်းငံ့လိုက်သည့် ပြည်ထောင်စု အဆင့် စီမံကိန်း သုံးခုမှာ မော်လမြိုင်မြို့တွင် ဖက်စပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အတ္ထရံမြစ်မှ မြစ်ရေကို သန့်စင်၍ ဖြန့်ဝေခြင်း လုပ်ငန်းကို BOT စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း၊ မုဒုံမြို့နယ် အဝေးပြေးဂိတ် ယာဉ်ရပ်နားစခန်း တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းနှင့် စက်မှုဝန်ကြီးဌာနမှ ဘီးလင်းသကြားစက်ရုံ၊ ပြောင်းဖူးထုတ်ကုန် ပစ္စည်းစက်ရုံခွဲ (ရန်ပယ်) နှင့် သိုလှောင်ရုံနှစ်လုံး ငှားရမ်းခွင့်ကိစ္စတို့ ဖြစ်ကြောင်း၊ ထိုကိစ္စရပ်များကို နောင်အစိုးရ တာဝန်ယူသည့်အခါ စဉ်းစားစီမံ ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအရာများ အလိုက် ဆိုင်းငံ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်ထုတ် အစိုးရ သတင်းစာများတွင် ပါရှိသော ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။“လက်ရှိ ကျွန်တော် တာဝန်ယူထားတဲ့ အပိုင်းမှာ ဆိုင်းငံ့တဲ့ စီမံကိန်းတွေ မပါရှိပါဘူး။ ပြည်ထောင်စု အဆင့်က ထုတ်ပြန်ကြေညာထားတဲ့ စီမံကိန်းသုံးခုနဲ့ပြည်နယ်အဆင့် ဆိုင်းငံ့လိုက်တဲ့ စီမံကိန်း သုံးခု ရှိပါတယ်။ အဲဒီ သုံးခုက ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနက လုပ်ဆောင်မယ့် စီမံကိန်းတွေ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။ပြည်နယ်အစိုးရ အနေဖြင့် ဆိုင်းငံ့လိုက်သည့် စီမံကိန်း သုံးခုမှာ မော်လမြိုင်မြို့ ဘိုကုန်းရပ် အထက် လမ်းမကြီးတွင် တည်ဆောက်မည့် အထပ်မြင့် ဟိုတယ် စီမံကိန်း၊ မော်လမြိုင်မြို့ မန္တလေးရပ်ရှိ မော်လမြိုင်ဟိုတယ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့် မော်လမြိုင်မြို့ မန္တလေးရပ်ရှိ သစ်ပုံဆိပ် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။“စီမံကိန်းတွေဘာကြောင့် ဆိုင်းငံ့တယ် ဆိုတာက လက်ရှိ အစိုးရ လက်ထက်မှာ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ အချိန်နည်းနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ နောက် အစိုးရ လက်ထက်မှာ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းဆိုင်ရာ အချက်အလက်တွေ ရှိတယ်။ စာချုပ်စာတမ်း မူကြမ်းတွေ ရှိတယ်။ အဲဒါတွေကို စနစ်တကျ လွှဲခဲ့မှာ ဖြစ်ပါတယ်။ နောင်တက်လာမယ့် အစိုးရက စီမံကိန်းဆိုင်ရာ အချက်အလက်တွေ၊ စာချုပ်စာတမ်းတွေကို ကြည့်ပြီး အားသာချက်၊ အားနည်းချက်တွေကို လေ့လာသုံးသပ်ပြီးတော့ ပြည်သူလူထုရဲ့ အကြံဉာဏ်တွေ ယူပြီးတော့ ဆက်ပြီး လုပ်ဆောင်နိုင်ဖို့စနစ်တကျ လွှဲခဲ့မှာပါ” ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။“ပထမအကြိမ် ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးတုန်းက စီမံကိန်း ၁၀ ခုလောက်ကို ပြန်လည်သုံးသပ်ဖို့နဲ့ ယာယီ ရပ်ဆိုင်းဖို့ ဆွေးနွေးခဲ့တယ်။ အခု ပြည်ထောင်စု အဆင့်က စီမံကိန်းတွေ ဆိုင်းငံ့တော့မှပဲ လိုက်ပြီး ဆိုင်းငံ့တဲ့ပုံ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက သုံးသပ်ပြောကြားသည်။“မော်လမြိုင်မှာ လုပ်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စလုပ်တုန်းကလည်း မသိရဘူး။ သစ်ပုံဆိပ်အိမ်ရာ စီမံကိန်းကိစ္စ ဆိုရင် ပြည်နယ်လွှတ်တော်မှာ ဆိုင်းငံ့ဖို့ အဆိုတင်တော့မှ ကြားသိရတယ်။ အခုလည်း စီမံကိန်းတွေ ဆိုင်းငံ့လိုက်တာ ဒေသခံပြည်သူ တစ်ယောက် အနေနဲ့ မသိရဘူး။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရိုးသားတယ်။ မရိုးသားဘူးဆိုတာ ကိုယ်တိုင်ပဲ သိကြမှာပါ” ဟု မော်လမြိုင် မြို့ခံတစ်ဦးက ပြောကြားသည်။    နောင်အစိုးရအဖွဲ့ တာဝန်ယူစဉ် စဉ်းစားစီမံ ဆောင်ရွက်နိုင်ရန် လက်ရှိ ပြည်ထောင်စု အစိုးရမှ အကြောင်းအရာများအလိုက် ဆိုင်းငံ့ထားသည့် စီမံကိန်း ကိစ္စရပ်များ (၆၈) ခုရှိကြောင်း ပြည်ထောင်စု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent