ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ် မတ် ၁၂ ရက် စတင် ဖွင့်လှစ်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ် မတ် ၁၂ ရက် စတင် ဖွင့်လှစ်မည်
Published 28 February 2016
ရွှန်းလဲ့ဝင်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ဆောင်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ် ၁၂ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပ လေကြောင်းလိုင်း အချို့ စတင်ရွှေ့ပြောင်း အသုံးပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services ကုမ္ပဏီ ယခု Yangon Aerodrome Services ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီနှင့် လေဆိပ်တိုးချဲ့ တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အသစ် တိုးချဲ့ တည်ဆောက်ခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မြေညီထပ်အား ပြည်ပထွက်ခွာ ခရီးသည်များအတွက် အသုံးပြုမည်ဖြစ်ကာ ပထမထပ်အား ပြည်ပဆိုက်ရောက် ခရီးသည်များအတွက် အသုံးပြုသွားမည်ဖြစ်ပြီး အကြိုဖွင့်ပွဲအား ၂၀၁၆ ခုနှစ် မတ်လတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။အသစ်တိုးချဲ့ တည်ဆောက်ခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဒုတိယထပ်နှင့် တတိယထပ်အား ဈေးဆိုင်ခန်းများ ပါဝင်သည့် Shopping Centre ဖွင့်လှစ်သွားမည် ဖြစ်သည်။“၂၀၁၆ မတ်လမှာ အကြိုဖွင့်ပွဲ ပြုလုပ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင် အသုံးပြုမယ်လို့ သိရပါတယ်။ လေဆိပ်အဆင့် မြှင့်တင်တည်ဆောက်ရေး စီမံကိန်း တစ်ခုလုံး ပြီးစီးတာ မဟုတ်သေးတဲ့ အတွက် ပြည်ပလေကြောင်းလိုင်း နှစ်ခု၊ သုံးခုပဲ အရင်ရွှေ့ပြောင်း အသုံးပြုဦးမှာပါ” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ Pioneer Aerodrome Consortium ကုမ္ပဏီသည် လက်ရှိ ခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်း ရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည် ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်သွားမည်ဖြစ်သည်။ယခု အသစ် ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိပြီး ၂၀၁၄ ခုနှစ် သြဂုတ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ခန့် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လေဆိပ် အဆောက်အုံသစ်အား တည်ဆောက်ရာတွင် ယခင် အသုံးပြုခဲ့သည့် ပြည်တွင်း ခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ် တည်ဆောက်ကာ ပြည်ပထွက်ခွာ၊ ဆိုက်ရောက်ဆောင်နှင့် တစ်ဆက်တည်း တည်ဆောက်သွားမည်ဖြစ်သည်။အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှု လုပ်ငန်းများသာမက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှု လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားသည်။ သို့သော် Pioneer Aerodrome Services Co.ltd သည် နေပြည်တော်လေဆိပ်အား ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ဆင်းသက်မှု မရှိသဖြင့် အရှုံးပေါ်သည်ဟု ဆိုကာ နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် နေပြည်တော် လေဆိပ်အား နိုင်ငံတော်မှ ပြန်လည် လွဲှပြောင်း ရယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

Most Read

Most Recent