အမြန်လမ်း မိုင်တိုင် ၃၇ တွင် မန္တလာမင်း ခရီးသည်တင်ယာဉ်တစ်စီး ခဲဖြင့် ပစ်ပေါက်ခံရ

အမြန်လမ်း မိုင်တိုင် ၃၇ တွင် မန္တလာမင်း ခရီးသည်တင်ယာဉ်တစ်စီး ခဲဖြင့် ပစ်ပေါက်ခံရ
Published 22 February 2016
ဉာဏ်ဝင်းရှိန်

ဖေဖော်ဝါရီ ၂၁ ရက် ည ၉ နာရီဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၇ တွင် မန္တလာမင်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးကို ခဲဖြင့်ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးသို့ မောင်းနှင်လာသည့် မန္တလာမင်း ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးကို မိုင်တိုင် ၃၇ အရောက်တွင် လမ်းဘေးမှ ခဲဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်၏ ညာဘက်မှန် ကွဲသွားခဲ့ကြောင်း စုံစမ်းသိရသည်။အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဖြစ်တာက ဘောနက်ကြီးရဲ စခန်းအပိုင်မှာပေါ့။ ကုန်းသီးနဲ့ မဟုတ်ပါဘူး ခဲနဲ့ထုတာပါ။ ခရီးသည် ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး”ဟု ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ဖြေကြားသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အမြန်လမ်းရဲတပ်ဖွဲ့ ဘောနက်ကြီးနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးနေပြီး ယခင်ကလည်း အမြန်လမ်းမကြီးပေါ်တွင် သွားလာနေသည့်ကားများကို ခဲဖြင့် ပစ်ပေါက်မှုဖြစ်လေ့ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောကြားသည်။                   

Most Read

Most Recent