လူတို့၏ အသုံးအဆောင်ပစ္စည်းတို့သည် သုံးပြီးသည်နှင့် ဟောင်းနွမ်းသွားသည်။ အဟောင်းတွေကို ဆေးကြောပြီး တစ်ပတ်ရစ် ပစ္စည်းများအဖြစ် ပြန်သုံးကြသည်။ ရေသန့်ဘူးသစ်ကို ဖောက်၍ သောက်လိုက်ပြီး ရေကုန်သွားသည့်ဘူးအား ပြန်လည်ဆေးကြော၍ အခြားထည့်စရာအဖြစ် အသုံးပြုကြသည်။ အခြားသော အသုံးဆောင်ပစ္စည်းများလည်း ထိုနည်းတူ။ အချို့သော ဟောင်းနွမ်းသွားသည့် ပစ္စည်းများကို လူ့အသုံးအဆောင်ပစ္စည်းသစ်အဖြစ် ဖန်တီးနေသူတွေ ရှိသည်။မော်တော်ကားတွင် အသုံးပြုသည့် တာယာတို့သည် ခရီးအတော် မောင်းပြီးပါက ပါးလွှာသွားပြီးနောက် အသစ်လဲလှယ်၍ မောင်းနှင်ကြသည်။ ကားတွင် တပ်ဆင်မောင်းနှင်၍ မရသော တာယာအား လူ့အသုံးအဆောင်ပစ္စည်း ဖိနပ်၊ ရေပုံး၊ ရေထည့်သည့် အိုး၊ ရေငင်ကြိုးတို့အပြင် အခြားသော စက်မှုလုပ်ငန်းသုံး ပစ္စည်းများအဖြစ် ဖန်တီးသူများရှိသည်။ ၎င်းပစ္စည်းများသည် ဈေးကွက်အတွင်း အသစ်စက်စက် ပစ္စည်းများအဖြစ် သုံးစွဲသူများက လက်ခံထားကြသည်။ တာယာအဟောင်းတို့အား လူ့အသုံးအဆောင် ပစ္စည်းသစ်အဖြစ် ဖန်တီးနေသည့်နေရာကား ပခုက္ကူမြို့အနီးက ရွာလေးတစ်ရွာတွင် ဖြစ်သည်။ရေပုံးများ၊ ဖိနပ်များ၊ နွားလှည်းတွင် တပ်ဆင်အသုံးပြုသည့် လှည်းစီးကုံး၊ ရေထည့်သည့် အိုးများနှင့် အခြားပစ္စည်းများကို ဈေးဆိုင်၏ ရှေ့မျက်နှာစာ သစ်သားခုံလေးပေါ်တွင် တင်ကာ ရောင်းချသည်။ ဆိုင်၏ အတွင်းပိုင်းတွင် လူ ငါးဦးခန့် ကိုယ်ဆီ အလုပ်လုပ်နေကြပါသည်။ အသက်ငယ်ငယ်ရှိသေးတဲ့ တစ်ယောက်က ထက်မြအောင် သွေးထားတဲ့ ဓားတစ်လက်နဲ့ ကားတာယာတစ်ခုကို နှစ်ပိုင်းဖြစ်အောင် အလယ်ကနေ ခွဲနေပါသည်။ အဲဒီနောက် ကားတာယာ အပိုင်းတစ်ခုကို အလွှာလိုက်ရအောင် ပိုင်းထစ်နေပါတယ်။
တာယာချပ်တွေကို အလွှာလိုက်ရဖို့ “တာယာတစ်လုံးကို မြင်တာနဲ့ ဘယ်နေရာကနေ လှီးရမယ်ဆိုတာ သိဖို့လိုတယ်။ အရင်ဆုံး တာယာထဲမှာ မြှုပ်ထားတဲ့ သံကြိုးတွေကို ဖယ်ထုတ်ရတယ်။ ပြီးပြီဆိုမှ အလယ်ခေါင် ကနေ ခွဲရတယ်။တာယာသား အချပ်လိုက်ရအောင် လှီးနိုင်မှ ရေအိုးလုပ်ဖို့ ပြန်ပုံဖော်တဲ့နေရာမှာ အဆင်ပြေတယ်။ တာယာတစ်လုံးကို သုံးချပ်ရအောင် လှီးရတယ်။ ဒါမှလည်း အလေအလွင့် နည်းတာ။ ကိုယ်ကိုင်မယ့် ဓားကိုလည်း အမြဲသွေးနေပြီးမှ လုပ်ရတယ်။ ဓားမကောင်းရင်လည်း လှီးဖြတ်တဲ့အခါ လိုချင်တဲ့ ပုံမရဘူး”ဟု ကိုသက်နောင်က ပြောပြသည်။အချပ်လိုက် လှီးထားပြီးဖြစ်သည့် တာယာချပ်များကို အခြားတစ်ယောက်က နှစ်ပိုင်းဖြတ်လိုက်ပြီး အစွန်းနေရာတွေကို အနည်းငယ်စောင်းသွားအောင် လှီးလိုက်ပါသည်။ အဲဒီနောက် တာယာချပ်ကို ပြောင်းပြန်ခေါက်လိုက်ပြီး အစွန်းနှစ်ဖက် ထိလိုက်ချိန်မှာ ရေဇလားပုံ ပေါ်လာသည်။ ဆက်ကြောင်းနေရာတွေကို ခိုင်ခန့်အောင် သံချောင်းတွေနဲ့ ရိုက်လိုက်ပါသည်။ အောက်ခံပြားအဖြစ်လည်း အဝိုင်းပုံ ဖော်ထားပြီးဖြစ်သည့် အခြားတာယာအဝိုင်း တစ်ချပ်ကို သံချောင်းနဲ့ ရိုက်ခါ ဆက်လိုက်ပါသည်။ အားလုံးပြီးသွားချိန်မှာ ရေဇလားပုံဟာ ပီပီပြင်ပြင် ဖြစ်ပေါ်လာပြီး လက်ကိုင်ကွင်းတပ်ရန်ပဲ ကျန်ပါတော့သည်။
အခြားတစ်နေရာမှာလည်း လူငယ်တစ်ယောက်က ခပ်သေးသေး ဓားတစ်လက်နဲ့ တာယာပါးတစ်ချပ်ကို ဖိနပ်ပုံ လှီးပြီးနေပါသည်။ တာယာချပ်မှာ အလေအလွင့်မရှိအောင် ဖိနပ်ပုံ ဆိုက်ဒ်စုံ ခဲခြစ်ပုံသွင်းပြီးမှာ တစ်ရံချင်းစီ လှီးနေပါသည်။ ပုံကြမ်းလှီးပြီးတဲ့နောက် ပုံချောထပ်လှီး၊ သဲကြိုးတပ်ဖို့ အပေါက်ဖောက်ပါသည်။ အဲဒီနောက် သဲကြိုးတပ်လိုက်ပါတယ်။ ဖိနပ်သဲကြိုးက သားရည် မဟုတ်ပါဘူး။ ပါးလွှာအောင် လှီးဖြတ်ထားတဲ့ ကားတာယာပါပဲ။ “ကားတာယာ ဖိနပ်ဆို ပခုက္ကူနယ်မှာ လူတိုင်းသိတယ်။ အကြမ်းခံတယ်။ ခိုင်တယ်။ အလုပ်ကြမ်းသမားတွေနဲ့ တောင်သူတွေ ယာထဲသွားတုန်း စီးကြတယ်။ ဖုံပေ ရွှံ့ပေလည်း အိမ်ရောက် ရေဆေးပြောင်သွားတာပဲ။ ဆွေးမှာ ပါးမှာ လုံးဝမပူရဘူး။ ဈေးကလည်း တစ်ရန်မှ ၅၀၀ ကျပ်ပဲ”ဟု ကားတာယာ ဖိနပ်လုပ်နေသည့် ကိုလှမင်းက ပြောသည်။
သူပြောတဲ့ စကားနားထောင်ရင်း ငယ်ငယ်တုန်းက အဖြစ်အပျက်ကို သတိရပါတယ်။ သားရေဖိနပ်အစီးကြမ်းလို့ မိဘတွေက ဝယ်ပေးပြီး မကြာဘူးပျက်ပါတယ်။ ဖော့ဖိနပ်ဆို နောက်မြီးတွေ ပါးပြီး ပျက်ပါတယ်။ မကြာမကြာ ဝယ်ပေးရတဲ့ လူကြီးတွေက စိတ်မရှည်တဲ့အခါ “မင်းတို့ကောင်တွေ ကားတာယာဖိနပ်နဲ့ပဲ တန်တယ်”ဆိုပြီး ငေါက်ခံရပါတယ်။ ကားတာယာဖိနပ်က ဖိနပ်စီး ကြမ်းပါတယ်ဆိုတဲ့ သူတောင် စိတ်ပျက်အောင် ခိုင်တဲ့ ဖိနပ်ပါ။အခြားသော တစ်နေရာတွင် အသားထူသည့် တာယာတစ်ချပ်ကို ရေပုံးအဖြစ် ပုံဖော်လို့နေပါသည်။ တာယာအစွန်း နှစ်ဖက်ကို စပ်ပြီး သံရိုက်၊ အောက်ခံပြားထည့် လက်စွဲသံကွင်းတပ်ပြီးချိန်မှာ ရေပုံးဟာ အတော်ပုံပေါ်ပါပြီ။ ကော်ပုံးတွေလို အရောင်မလှပါ။ သို့သော် ရေတွင်းအတွင်း ရေငင်ရာတွင် အင်မတန်မှ အဆင်ပြေပါသည်။ ရေတွင်းက ရေငင်ရင် ကော်ပုံးနဲ့ဆို ရေတွင်းအတွင်းပိုင်း ကျောက်ခွေတွေနဲ့ရိုက်မိပြီး ကွဲမှာပါ။ သံပုံးနဲ့ ဆိုရင်လည်း ပုံးက ရေတွင်း အတွင်းပိုင်း ကျောက်ခွေတွေနဲ့ ရိုက်မိပြီး ပိန်ရှုံ့ကုန်မှာ သေချာပါသည်။ ဒါကြောင့် ကျေးလက်က ရေတွင်းတွေမှာ ရေငင်ဖို့အတွက် အကြမ်းခံတဲ့ ကားတာယာပုံးကိုပဲ သုံးပါသည်။ကားတာယာရေပုံးက အခြားနေရာတွေမှာလည်း အသုံးဝင်ပုံကို “လမ်းခင်းတဲ့ လုပ်သားတွေက ကျောက်တွေ သဲတွေကို ကားတာယာပုံးနဲ့ သယ်သည်။ တောင်သူတွေလည်း သီးနှံကောက်တဲ့နေရာမှာ အပင်ရေလောင်းတဲ့ နေရာမှာ သုံးကြသည်။ ရေစွဲရင် လွတ်ကျ သွားလည်း ပိန်စရာကွဲစရာမရှိဘူး။ အကြမ်းခံတယ်။ ဈေးကလည်း ချိုတယ်။ တစ်ပုံးမှ ၁၅၀၀ ကျပ်ပဲ”ဟု ရေပုံးလုပ်နေသူ ကိုချိုထွန်းက ပြောပြသည်။ရေတွင်းတွေမှာ ရေငင်ဖို့ စက်သီးမှာ ချိပ်ဆွဲတဲ့ ရေဆွဲကြိုးလည်း ကားတာယာကြိုးကိုပဲ သုံးပါသည်။ ဘယ်လောက်ပဲ ပွတ်တိုက် ပွတ်တိုက် အတော်နဲ့ ပါးမသွားပါဘူး။ ဒီနေရာမှာ ကားတာယာကြိုးကို မသုံးဘဲ ရိုးရိုးကြိုး သုံးမယ်ဆိုရင်ရတော့ ရပေမဲ့ ရေရှည်ခိုင်ခံမှာ မဟုတ်ပါဘူး။ ခဏနဲ့ ကြိုးပျက်သွားမှာပါ။ကားတာယာကြိုးက သစ်သီးအခွံ တစ်ဆက်တည်းရအောင် လှီးသလို တာယာကို လှီးရတော့ မလွယ်လှပါဘူး။ လက်စကောင်းကောင်း ဓားထက်ထက် လုပ်သက်ရင့်တဲ့သူမှ လှီးနိုင်တာပါ။
သူတို့ အလုပ်ရုံထဲ ကျွန်တော် လှည့်ပတ်ရင်ကြည့်ရင်းပင် ခရီးသည်တင်ကား တစ်စီး စိုက်လာသည်။ ဈေးဝယ်အချို့ ဆင်းလာပြီး ရေပုံးဝယ်သူက ဝယ်သည်။ ရေဇလားဝယ်သူက ဝယ်သည်။ တချို့လည်း လှည်းစီးကုံးဝယ်သည်။ပြီးနောက် အဲဒီပုံးတွေထဲ ထပ်လို့ သယ်ပြီး ကားပေါ်ပြန်တက်သွားသည်။ ဆိုင်ကယ်တွေနဲ့ လာဝယ်သူတွေလည်း တွေ့ ရသည်။ အမြင်မလှသော်ငြား အတော်ပင် သုံးသည့်ပစ္စည်း။ ဈေးကွက်က ပခုက္ကူကို ပို့သည်။ ထိုမှတစ်ဆင့် ယောဒေသတို့ ချင်းပြည်နယ်တို့ ထပ်ပို့သည်။ဒီအလုပ်ကို ဘယ်တုန်းက စခဲ့သလဲ မေးကြည့်တဲ့အခါ ကိုလှမင်းက “အဘိုးတွေ လက်ထက်ကတည်းက စခဲ့တာ။ အရင်က ဖိနပ်လောက်ပဲ လုပ်တက်တယ်။ နောက်ပိုင်းမှ ရေအိုးတို့ ရေပုံးတို့ လုပ်တက်တာ။ ရောင်းပန်းလှအောင် အနက်ရောင်ဆေးသုတ်ပြီးမှ ရောင်းတယ်။ ဈေးကလည်း လက်ရှိရောင်းတာထက် တက်ရောင်းလို့ မရဘူး။ အမြတ်နည်းပေမယ့် မိရိုးဖလာလိုဖြစ်လာတော့ ဆက်လုပ်ဖြစ်နေတာ။ တောင်သူတွေ ဝယ်တဲ့အချိန် အင်နဲ့အားနဲ့လုပ်လိုက်။ အဝယ်အေးတဲ့အချိန် နားထားလိုက်ပဲ။ စားဖြစ်ရုံ ရွာကလူတွေ အလုပ်ရရုံပဲ” ဟု ပြောပြသည်။
ကားတာယာအဟောင်းတွေကို လှီးဖြတ်ပြီး အသုံးအဆောင်ပစ္စည်းတွေ လုပ်တဲ့လုပ်ငန်းဟာ မကြီးပွားနိုင်ပေမယ့် ကန်တော်ရွာက လူငယ်တွေကို အလုပ်ပေးထားနိုင်လို့ ဂုဏ်ယူတယ်လို့လည်း ကိုလှမင်းက ပြောပြပါတယ်။ ကိုလှမင်းတို့ ရည်မှန်းချက်က လုပ်ငန်းကို ဆန်းသစ်နိုင်ဖို့။ သို့ပေမဲ့ ငွေကြေးအခက်အခဲကြောင့် အသေးစား အိမ်တွင်းလုပ်ငန်းလောက်ပဲ လုပ်နေရပါတယ်။ အချိန်အတော်ကြာအောင် စကားတွေပြောခဲ့ပြီး ကျွန်တော် ပြန်လာခဲ့ပါတယ်။ အပြန်ခရီးမှာ ကိုလှမင်းတစ်ယောက် နောင်တစ်ချိန် သူ့ရည်မှန်းသည်ထိ အောင်မြင်အောင် လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းနေမိပါတော့သည်။










