သီလဝါ အထူးစီးပွားရေးဇုန်တွင် အာမခံ လုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီများအား အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ပထမဆုံးအကြိမ် စစ်ဆေးမည်

သီလဝါ အထူးစီးပွားရေးဇုန်တွင် အာမခံ လုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီများအား အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ပထမဆုံးအကြိမ် စစ်ဆေးမည်
Published 20 February 2016
အေးမြတ်မွန်

အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က သီလဝါ စီးပွားရေးဇုန်တွင် အာမခံလုပ်ငန်း လုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီများကို ပထမဆုံးအကြိမ် သွားရောက်စစ်ဆေးမည် ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှ သိရသည်။       “ဒီတစ်ပတ်ထဲမှာ နေပြည်တော်က သင်တန်းပေးထားတဲ့ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ နိုင်ငံခြား ပြည်ပပညာရှင်တွေရယ်က သီလဝါမှာ အာမခံလုပ်ခွင့်ပြုထားတဲ့ ပြည်ပအာမခံ ကုမ္ပဏီတွေကို သွားစစ်ဆေးမယ်။ အမှန်တကယ်က စစ်ဆေးတယ်ဆိုတာထက် သင်တန်းပေးပြီးသား သူတွေကို လေ့ကျင့်စေတဲ့ သဘောပေါ့။ စစ်ဆေးရေးအဖွဲ့က သူတွေအတွက် စစ်ဆေးတဲ့ အလေ့အကျင့်လည်း ရအောင်ပါ။ စစ်တဲ့အခါမှာ သူတို့ကလည်း လုပ်ငန်းလုပ်ကိုင်ခွင့်ရတာ သက်တမ်းနုသေးတော့ စိုးရိမ်စရာတော့ မရှိဘူး။ လိုအပ်ချက်ရှိနေရင် ဥပမာ-သူတို့မှာ အရန်ငွေနည်းရင် ထပ်ဖြည့်ပြီး ပြင်ခိုင်းတာမျိုးတွေပေါ့။ အဲဒါတွေကို ပြင်ခိုင်းမှာပေါ့” ဟု အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်ထားသည့် ပြည်ပအာမခံ ကုမ္ပဏီများအနက် အထူးစီးပွားရေးဇုန်များတွင် ဂျပန်အခြေစိုက် ကုမ္ပဏီသုံးခုဖြစ်သည့် ှSompo Insurance, Tokio Marine, Sumitomo စသည့် ကုမ္ပဏီများမှ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။ယင်းကုမ္ပဏီများကို အသက်အာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ မီးအာမခံ အပါအဝင် အာမခံ အမျိုးအစားခြောက်မျိုး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။သို့သော် ပြည်တွင်းရှိ အာမခံကုမ္ပဏီများကို စစ်ဆေးရန်မှာမူ သက်တမ်းနုနယ်သေးသည့်အတွက် စစ်ဆေးဦးမည် မဟုတ်ဘဲ သက်တမ်းသုံးနှစ်ပြည့်ပြီးသည့်နောက်မှ စစ်ဆေးရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် အာမခံကုမ္ပဏီပေါင်း ၂၂ ခုအထိရှိလာပြီး ဂျပန်နှင့် အနောက်နိုင်ငံများမှ အာမခံကုမ္ပဏီများက အများဆုံး ပါဝင်နေသည်။အာမခံလုပ်ငန်းများ အပါအဝင် နိုင်ငံပိုင် ဘဏ်လုပ်ငန်းများ၊ အသေးစားငွေကြေး လုပ်ငန်းများ၊ အောင်ဘာလေထီ လုပ်ငန်းများကို ကြီးကြပ်စစ်ဆေးရန်အတွက် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနကို ၂၀၁၄ ခုနှစ်အတွင်းက ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent