ပဲသစ်ပေါ်ချိန် မတ်ပဲဈေး အနည်းငယ် ကျဆင်းသော်လည်း ပဲစင်းငုံမှာမူ တောင်သူများအတွက် ဈေးကောင်းရရှိ

ပဲသစ်ပေါ်ချိန် မတ်ပဲဈေး အနည်းငယ် ကျဆင်းသော်လည်း ပဲစင်းငုံမှာမူ တောင်သူများအတွက် ဈေးကောင်းရရှိ
Published 20 February 2016
မြတ်စုနိုင်

ပဲသစ်ပေါ်ချိန် မတ်ပဲဈေး အနည်းငယ် ကျဆင်းသော်လည်း ပဲစင်းငုံမှာမူ တောင်သူများအတွက် ဈေးကောင်းရနေပြီး လှောင်လက်များအတွက် အကျိုးအမြတ်နည်းကြောင်း ဘုရင့်နောင်ပွဲရုံရှိ ပဲကုန်သည်များမှ သိရသည်။ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် မတ်ပဲအသစ် စတင်ပေါ်လာပြီး ဈေးနှုန်းအနေဖြင့် မတ်ပဲတစ်တန်လျှင် ကျပ် ၁,၅၈၀,၀၀၀ ပေါက်ဈေး ရှိသော်လည်း လက်ရှိတွင် တစ်တန်လျှင် ကျပ်လေးသောင်းဝန်းကျင် ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။ပဲစင်းငုံရွှေဝါ ဈေးနှုန်းမှာမူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်တန်လျှင် ကျပ် ၁၄ သိန်းနီးပါးရှိကာ လက်ရှိတွင် ကျပ်တစ်သိန်းနီးပါး ဈေးကျဆင်းပြီး တစ်တန်လျှင် ကျပ် ၁,၂၇၀,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။“ဒီနှစ်က ပဲဈေးကောင်းပါတယ်။ မတ်ပဲဆိုရင် စစပေါ်ချင်းမှာပဲ တစ်တန်ကို ၁၅ သိန်းကျော်တယ်။ မနှစ်ကဆိုရင် ၁၀ သိန်းအောက်ပဲ ရှိတယ်။ ပဲစင်းငုံကတော့ ဈေးနည်းနည်း ကျတယ်။ ကျပေမယ့်လည်း တောင်သူတွေ အတွက်ကတော့ ဈေးကောင်းရပါတယ်။ ကုန်သည်တွေ အတွက်ကတော့ ဈေးနှုန်းအနေနဲ့ နည်းနည်းရှုံးပါတယ်” ဟု ဘုရင့်နောင်ပွဲရုံရှိ ပဲကုန်သည်တစ်ဦးက ဆိုသည်။ထို့ပြင် ပဲတီစိမ်း ဈေးနှုန်းမှာမူ တစ်တန်လျှင် လက်ရှိတွင် ကျပ် ၁,၂၈၀,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ပဲအသစ် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် မတ်ပဲမှာ ဈေးနှုန်းပိုမိုရရှိကာ ပဲတီစိမ်းမှာမူ ယခင်နှစ်ပေါက်ဈေး အတိုင်းသာ ရပ်တည်လျက်ရှိပြီး ပဲစင်းငုံမှာမူ ယခင်နှစ် ပေါက်ဈေးထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ပဲကုန်သည်၊ နှမ်းကုန်သည်များအသင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။“ဒီနှစ်ပဲဈေးတွေက မနှစ်ကဈေးမြင့်တာထက် ပိုပြီးမြင့်နေတာဆိုတော့ အရောင်းအဝယ်လုပ်တဲ့ သူတွေအနေနဲ့ သတိထားပြီး လုပ်သင့်ပါတယ်။ ရန်ကုန်မှာတော့ မဖြစ်ဘူး ဆိုပေမယ့် မန္တလေးမှာဆိုရင် ပဲနဲ့ပတ်သက်ပြီး လိမ်လည်မှုတွေကလည်း ဖြစ်နေတော့ သတိထားရမယ်။ ဒီလိုလိမ်လည်မှုတွေ မဖြစ်အောင် ရောင်းသူနဲ့ဝယ်သူကြားမှာ လက်ငင်းရောင်းဝယ်တာက အကောင်းဆုံးပါ။ နောက်ပြီးနှစ်ဦးနှစ်ဖက် ၁၀ ရာခိုင်နှုန်းစီထည့်ပြီး ကုန်စည်ဒိုင်မှာ စာချုပ်ချုပ်ထားသင့်ပါတယ်” ဟု မြန်မာနိုင်ငံ ပဲကုန်သည် နှမ်းကုန်သည်များအသင်းမှ သတင်းပြန်ကြားရေး ဒေါက်တာ ဦးမြတ်စိုးက သုံးသပ်ပြောကြားသည်။ပဲအသစ် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် မတ်ပဲမှာ ဈေးနှုန်းပိုမိုရရှိပြီး ပဲတီစိမ်းမှာမူ ယခင်နှစ်ပေါက်ဈေးအတိုင်းသာ ရပ်တည်လျက်ရှိပြီး ပဲစင်းငုံမှာမူ ယခင်နှစ်ပေါက်ဈေးထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ပွဲရုံရှိ ပဲကုန်သည်များမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုတန်ချိန် ၁,၄၉၀,၀၀၀ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ရရှိထားကြောင်း သိရသည်။ထို့ပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ပြည်ပသို့ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၉၀၂၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၈၅၆ သန်း ရရှိထားကြောင်း သိရသည်။မတ်ပဲဈေးသည် ယခုနှစ်ပိုင်းအတွင်း အိန္ဒိယ၏ ဝယ်လိုအားအပေါ် မူတည်ကာ စံချိန်တင် မြင့်တက်သည်အထိ ဈေးရရှိခဲ့သော်လည်း ပြည်ပဈေးကွက်အတွင်း အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်တင်ပို့နေရကြောင်း  မြန်မာနိုင်ငံ ပဲကုန်သည်၊ နှမ်းကုန်သည်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

Most Read

Most Recent