မြေဧရိယာ ၆၄ ဧကကျော်တွင် တည်ဆောက်မည့် တညင်းကုန်း နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး စီမံကိန်းအတွက် ဒေါ်လာ ၆၂ သန်းခန့် မြှုပ်နှံမည်

မြေဧရိယာ ၆၄ ဧကကျော်တွင် တည်ဆောက်မည့် တညင်းကုန်း နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး စီမံကိန်းအတွက် ဒေါ်လာ ၆၂ သန်းခန့် မြှုပ်နှံမည်
Published 17 February 2016
စည်သူအောင်

မေဧရိယာ ၆၄ ဧကကျော်တွင် တည်ဆောက်မည့် တညင်းကုန်း နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး စီမံကိန်း (Whole Sale Market) အတွက် ကန်ဒေါ်လာ ၆၂ သန်း မြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် Golden Dragon Construction Co.,Ltd. (GDC) မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက ပြောကြားသည်။အဆိုပါ ဈေးစီမံကိန်းအတွက် မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) နှင့် GDC အကြား ပူးပေါင်းအကောင်အထည်ဖော်ရေး သဘောတူစာချုပ် ချုပ်ဆိုပွဲကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည်။တညင်းကုန်း နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေးဈေးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းကွင်း အမှတ်(၄၀၄-က)တွင် ရှိပြီး မြေဧရိယာ ၆၄ ဒသမ ၅၄ ဧက ကျယ်ဝန်းသည်။ GDC ကုမ္ပဏီ အနေဖြင့် စီမံကိန်းကို အပိုင်းသုံးပိုင်း ခွဲခြားပြီး ဦးစားပေး အနေဖြင့် Whole Sale Market တစ်ခုနှင့် အအေးခန်း သိုလှောင်ရုံ နှစ်လုံးတို့ကို ပထမဆုံး ပြီးစီးအောင် ဆောင်ရွက်ရန် သတ်မှတ်ထားသည်။မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် ငါးပုစွန် ထုတ်ကုန်ရောင်းဝယ်ရေးအတွက် ကြို့ကုန်း Jetty နှင့် ငါးပုစွန်ဈေးကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ရာ ယခု အသားကဏ္ဍအတွက် နိုင်ငံတကာ အဆင့်မီ အသားထုတ်ကုန် ရောင်းဝယ်ရေးဈေးကို ပထမဦးဆုံးအကြိမ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ ရေးဆွဲနေသည့် တိရစ္ဆာန်မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေး ဥပဒေ ထွက်ရှိလာပါက တိရစ္ဆာန်မွေးမြူရေးနှင့် အသားထုတ်လုပ်မှုများ ပိုမိုတိုးတက် မြင့်မားလာရန် ဝန်ကြီးဌာနက မျှော်မှန်းထားသည်။ထိုသို့ မွေးမြူရေးကဏ္ဍ တိုးတက်လာပါက အသားထုတ်လုပ်မှု အဆင်ပြေ လွယ်စေနိုင်ရန် သားသတ်ရုံ (Slaughter House) များ ဆောက်လုပ်နိုင်ရေးအတွက် သင့်တော်မည့် မြေနေရာများ ရရှိနိုင်ရန် ကွင်းဆင်းရှာဖွေနေကြောင်း မွေးရေ/ကျေးလက် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။GDC မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက “ကျွန်တော်တို့ ဒီစီမံကိန်းကို ကန်ဒေါ်လာ ၆၂ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး သုံးနှစ်အတွင်း သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီဈေးမှာ ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ပါရှိမှာဖြစ်ပြီး ဝန်ကြီးဌာနရဲ့ မူဝါဒတွေ၊ လမ်းညွှန်မှုတွေ၊ သတ်မှတ်ချက်တွေအတိုင်း အကောင်အထည်ဖော် တည်ဆောက်သွားမှာပါ” ဟု ဆိုသည်။အဆိုပါဈေး အကောင်အထည်ဖော်ရန်အတွက် MICA မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် စတင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခု တင်ဒါအောင် ကုမ္ပဏီအဖြစ် GDC ကုမ္ပဏီနှင့် သဘောတူလက်မှတ်ထိုးခြင်း ဖြစ်သည်။စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ရောင်းဝယ်နိုင်မည့် လက်ကားဈေးများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကွတ်ခိုင်မြို့တို့၌ တည်ဆောက်သွားရန် မွေးရေ/ကျေးလက်ဝန်ကြီးဌာနက လျာထားပြီး ယခု အင်းစိန်မြို့နယ်တွင် စတင် အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။     

Most Read

Most Recent