ပုထုဇဉ် လူသားမှန်ရင် မီး ၁၁ မီး၏ လောင်မြိုက်ခြင်းကို အမြဲခံနေရသည်ဟု ဗုဒ္ဓမြတ်စွာက ဟောဖော်ညွှန်ပြ ဆိုဆုံးမခဲ့ပါသည်။ အဆိုပါ မီး ၁၁ မီးမှာ- (၁) ချစ်ခင်တပ်မက်ခြင်း (ရာဂမီး)။ (၁) အမျက်ထွက်ခြင်း (ဒေါသမီး)။ (၃) တွေဝေမိုက်မဲခြင်း (မောဟမီး)။ (၄) ပဋိသန္ဓေနေရခြင်း (ဇာတိမီး)။ (၅) အိုမင်းခြင်း (ဇရာမီး)။ (၆) သေဆုံးခြင်း (မရဏမီး)။ (၇) စိုးရိမ်ပူဆွေးခြင်း (သောကမီး)။ (၈) ငိုကြွေးခြင်း (ပရိဒေဝမီး)။ (၉) ကိုယ်ဆင်းရဲခြင်း (ဒုက္ခမီး)။ (၁၀) စိတ်ဆင်းရဲခြင်း (ဒေါ မနဿမီး)။ (၁၁) ရှိုက်ငင်ပင်ပန်းရခြင်း (ဥပါယာသမီး) တို့ ဖြစ်ကြပါသည်။အဆိုပါ မီး ၁၁ မီး အချိန်နှင့်အမျှ လောင်မြိုက်နေပါသော်လည်း လူ့ဘဝရခိုက်လေးမှာတော့ ပုထုဇဉ် လူသားပီပီ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နှင့် လူ့ဘဝကို ဖြတ်သန်းနေချင် ပါသေးသည်။ ပျော်စရာ တွေ့လျှင် ပျော်လိုက်မည်။ ရယ်စရာ တွေ့လျှင် ရယ်လိုက်မည်။ ဝမ်းနည်းစရာတွေ့လျှင် ဝမ်းနည်းလိုက်မည်။ အားတက်စရာတွေ့ လျှင် အားတက်လိုက်မည်။ ဒါက လူ့သဘာဝပါပဲ။ တစ်နည်းပြောရလျှင် လူ့ဘဝ၏ အရသာပါပဲ။ လူမှန်လျှင် လူ့ဘ၀ အရသာကိုတော့ ခံစားချင်ကြပါသည်။လူ့ဘဝသည် ရသာစုံ တည်ခင်းဧည့်ခံထားသည့် ထမင်းဝိုင်းမှာ ထိုင်စားရသည်နှင့် တူသည်။ ချိုချဉ်စပ်ဖန်ငန်ခါး အရသာ ခြောက်ပါးကို အကုန်မြည်းစမ်းခွင့် ရှိပါသည်။ အဆိုပါ ထမင်းဝိုင်းထဲ ဝင်ထိုင်သူကို အရသာ တစ်မျိုး (သို့မဟုတ်) နှစ်မျိုးသာ သုံးဆောင်ခွင့် ရှိသည်ဟု မည်သူကမှ အမိန့်ပေး တားမြစ်ကန့်ကွက်၍ မရပါ။ အရသာ ခြောက်ပါးစလုံး ခံစားခွင့် ရှိသလို၊ မိမိနှစ်သက်ရာ အရသာကိုလည်း ရွေးချယ်မြည်းစမ်းခွင့် ရှိပါသည်။ ဒါသည် လူ့ဘဝကို ရလာသည့် လူသားအခွင့်အရေး (ဝါ) လူ့အခွင့်အရေး ဖြစ်ပါသည်။လူ့ဘဝကို ရလာသည့် ကျွန်တော်တို့ အားလုံးမှာ အဆိုပါ လူ့အခွင့်အရေးများ ပိုင်ဆိုင်နိုင်ခွင့် ရှိနေပါသည်။ ထိုပိုင်ဆိုင်ခွင့်များကို မည်သူတစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကမျှ ဝင်ရောက်စွက်ဖက် နှောင့်ယှက်ဖျက်ဆီး တားမြစ်ပိုင်ခွင့် မရှိပါ။ မည်သူကမျှ 'မင်းတို့ တစ်သက်လုံး ငိုနေရမယ်၊ ကြောက်ရွံ့ထိတ်လန့် နေရမယ်' ဟု ကျွန်တော်တို့ကို အမိန့်ပေး၍ မရပါ။ အကယ်၍ အမိန့်ပေးအံ့။ အဆိုပါ လူသည် လူ့အခွင့်အရေး ချိုးဖောက်သူသာလျှင် ဖြစ်ရမည်။ တကယ်တော့ လူ့ဘ၀ လူ့အဖြစ်သည် ရသစုံ ခံစားခွင့်ရှိသော နေရာဌာနသာလျှင် ဖြစ်ပါသည်။ ထိုကဲ့သို့မဟုတ်မူဘဲ ရသတစ်ခု (သို့မဟုတ်) နှစ်ခုသာလျှင် ကြီးစိုး လွှမ်းမိုးနေမည်ဆိုလျှင် တစ်နေရာရာမှာ တစ်စုံတစ်ခု အကြီးအကျယ် မှားယွင်းနေသောကြောင့်သာလျှင် ဖြစ်ရမည်။ အကြီးအကျယ် များယွင်းနေသော တစ်စုံတစ်ခုကို အမြန်ဆုံး ရှာဖွေဖို့ လိုပါသည်။တစ်နေ့က ဆရာမင်းသုဝဏ်၏ စာပေဆောင်းပါး တစ်ပုဒ် ဖတ်လိုက်ရသည်။ အဆိုပါ ဆောင်းပါးထဲမှာ ဆရာက စာပေရသ (၉) ပါးနှင့် သမိုင်းခေတ်များကို နှိုင်းယှဉ် ရေးပြထားပါသည်။ အလင်္ကာ ကျမ်းများထဲမှာ ရသ (၉) ပါးကို အောက်ပါအတိုင်း ခွဲခြားထားပါသည်။ (၁) ချစ်ခင်မှု (သိင်္ဂါရရသ)၊ (၂) ရယ်ရွှင်မှု (ဟာသရသ)၊ (၃) ကြင်နာမှု (ကရုဏာရသ)၊ (၄) ရက်စက်မှု (ရုဒ္ဒရသ)၊ (၅) ရဲဝံ့စွန့်စားမှု (ဝီရရသ)၊ (၆) ကြောက်ရွံ့မှု (ဘယာနကရသ)၊ (၇) စက်ဆုပ်မုန်းတီးမှု (ဝိဘစ္ဆရသ)၊ (၈) အံ့သြမှု (အဗ္ဘုတရသ)၊ (၉) တင်းတိမ်ရောင့်ရဲမှု (သန္တရသ) တို့ ဖြစ်ကြပါသည်။စာပေအနုပညာ ဖန်တီးသူများသည် အဆိုပါ ရသ ၉ ပါးကို အခြေခံပြီး ရေးဖွဲ့ကြခြင်း ဖြစ်သည်။ သို့သော် မြန်မာစာပေ သမိုင်းကို လေ့လာကြည့်သည့်အခါ တစ်ခေတ်နှင့်တစ်ခေတ် ရသကို အရေးပေးပုံချင်း မတူကြတာကို တွေ့ရသည်ဟု ဆရာ မင်းသုဝဏ်က ဆိုပါသည်။ ဥပမာ-အင်းဝခေတ်တွင် အံ့သြခြင်း (အဗ္ဘုတရသ)နှင့် တည်ငြိမ်အေးချမ်းခြင်း (သန္တရသ) ကို အရေးပေးကြကြောင်း။ တောင်ငူခေတ်တွင် ရဲရင့်စွန့်စားမှု (ဝီရရသ) က အလေးကဲကြောင်း၊ ချစ်ခင်မှု (သိင်္ဂါရရသ) ကို ဒုတိယ အများဆုံး တွေ့ရကြောင်း။ ကုန်းဘောင်ခေတ်တွင် ရသအမျိုးမျိုး ထွန်းကားကြောင်း၊ အထူးသဖြင့် ရှေးခေတ်များတွင် ခေတ်စားပုံ မရခဲ့သော ရယ်ရွှင်မှု (ဟာသရသ) ကို ထင်ထင်ရှားရှား တွေ့ရကြောင်း၊ မြန်မာဘုရင် နန်းကျ၍ အင်္ဂလိပ် အုပ်စိုးသည့် ခေတ်ဦးအခါမှာတော့ ပြဇာတ်တွေ ပေါ်ပေါက်လာပြီး လူတွေအလွမ်းအဆွေး ကြိုက်လာကြကြောင်း သနားကြင်နာခြင်း (ကရုဏာရသ) ကို အရေးပေးလာကြောင်း စသည်ဖြင့် အကြမ်းဖျင်း သုံးသပ်ပြထားပါသည်။ထို့နောက် ဆရာမင်းသုဝဏ်က 'အဲဒီလို ရသတစ်ပါး နှစ်ပါးလောက်သာ ထွန်းကားနေတာကို တယ်ပြီး နေရာကျတယ်လို့ ကျွန်တော် မထင်ဘူး။ အရသာ ၉ ပါးဟာ မျှမျှတတ ထွန်းကားမှ ခေတ်ကောင်းခေတ်မြတ် ဖြစ်တယ်လို့ ထင်ပါတယ်' ဟု မှတ်ချက်ချထားပါသေးသည်။ ဆရာ့အယူအဆအရ ရသတစ်ပါး နှစ်ပါးသာ ထွန်းကားသောခေတ်သည် ခေတ်ကောင်းမဟုတ်။ ရသစုံမှ ခေတ်ကောင်းဟု ဆိုရပေတော့မည်။ကျွန်တော်သည် ဆရာ့ဆောင်းပါး ဖတ်ပြီး လက်ရှိ ငါတို့ခေတ်မှာ ဘယ်လိုရသမျိုးတွေ ထွန်းကားနေသလဲဟု တွေးကြည့်မိသည်။ ရသပေါင်းစုံ မျှမျှတတ မရှိဘဲ ရသတစ်ပါး နှစ်ပါးသာလျှင် ကြီးစိုးလွှမ်းမိုးနေသလားဟုလည်း စိုးရိမ်မကင်း ဖြစ်မိပါသည်။ နေ့စဉ်ကြားသိ မြင်တွေ့နေရသည့် သတင်းများနှင့် ပစ္စက္ခ မြန်မာပြည်ကို နှိုင်းယှဉ်ကြည့်လျှင် ဘယ်လိုရသမျိုးတွေ လွှမ်းမိုးနေသလဲဆိုတာ အလွယ်တကူ သိနိုင်ပါသည်။ကျွန်တော့်အနေဖြင့် မြန်မာပြည်ကို ရသစုံ ထွန်းကားပြီး မျှတညီညွတ်သည့် နိုင်ငံအဖြစ်သာ မြင်တွေ့ချင်ပါသည်။ ရသတစ်ပါး နှစ်ပါးသာ ကြီးစိုးလွှမ်းမိုးနေသည့် တစ်ဖက်အစွန်းရောက် နိုင်ငံ မဖြစ်စေချင်ပါ။ မြန်မာပြည်သူတွေ သောကပရိဒေဝမီးတွေ လောင်မြိုက်ပြီး ဝမ်းနည်းပူဆွေး ကြောက်ရွံ့ထိတ်လန့်ခြင်းတွေသာ ကြီးစိုးနေသည့် အချိန်တွေ လွတ်မြောက်စေချင်ပါပြီ။ ဟိုအာဏာရှင်လည်း ကြောက်ရ၊ အာဏာရှင်လည်း ကြောက်ရ၊ ဟိုခရိုနီလည်း ဦးညွတ်ရ၊ ဒီခရိုနီလည်း ခေါင်းငုံ့ရနဲ့၊ ကိုယ့်လူအချင်းချင်း သာမက သူများတိုင်းပြည်က သူများလူမျိုးကိုပါ ထမင်းတစ်လုတ် ဟင်းတစ်ထုပ်အတွက် မျက်နှာငယ်ပြီး အောက်ကျနောက်ကျရနှင့် အချိန်တိုင်း အားငယ်စိုးရွံ့ ထိတ်လန့်မှုတွေနဲ့ အသက်ရှင် နေထိုင်ရသည့် (ဘယာနကရသ) မျိုးသာ ခံစားနေရသည့် နိုင်ငံမျိုးမှလည်း ကင်းဝေးစေချင် လှပါပြီ။နေ့လည်းကောင်းကောင်း မနေရ၊ ညလည်းကောင်းကောင်း မအိပ်ရ 'ငါတို့အိမ်လေး ဘယ်နေ့အဖျက်ခံရမလဲ၊ ငါတို့စိုက်တဲ့ မြေလေး ဘယ်နေ့အသိမ်းခံရမလဲ' ဆိုပြီး တွေးတပူပူနှင့် ဆွေးတလူလူ ဖြစ်နေရတဲ့ ဘဝမှာ ကိုယ့်အိမ်ကိုဖျက်ပြီး ကိုယ့်လယ်ကို သိမ်းသွားတဲ့ လူတွေကို စက်စုပ်ရွံ့ရှာစိတ်နှင့် ကြည့် ပြီး ဒေါသအမျက် ချောင်းချောင်း ထွက်နေရသည့် (ရုဒ္ဒရသ) မျိုးသာ ခံစားနေရသည့် နိုင်ငံမျိုးမှလည်း မရပ်တည်စေချင်တော့ပါ။အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ၊ အစိုးရနှင့် ပြည်သူ၊ အလုပ်ရှင်နှင့် အလုပ်သမား၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း သူ့အကျိုးကိုယ့်အကျိုး ငဲ့ညှာသနားပြီး အပြန်အလှန် ကူညီစောင်မလို့ ရရှိလာသည့် နွေးထွေးလုံခြုံမှု၊ ချစ်ခင်ကြင်နာမှု (သိင်္ဂါရသ) မျိုးကိုလည်း မြန်မာပြည်သူတွေ ခံစားစေချင် လှပါပြီ။ ငါကအာဏာရှင်ပဲ၊ လုပ်ပိုင်ခွင့်ရှိတုန်း လုပ်လိုက်ဦးမဟဲ့ ဆိုသည့် အတ္တမာန စိတ်မထားဘဲ 'ငါတို့ တိုင်းသူပြည်သားများပါတကား' ဆိုသည့် စိတ်နှလုံးသားနှင့် သနားကြင်နာတတ်တဲ့ (ကရုဏာရသ) မျိုး ထွန်းကားသည့် နိုင်ငံအဖြစ်ကိုလည်း မြင်ချင်လှပါပြီ။နေ့စဉ် အဓိပ္ပာယ် မရှိတဲ့ အလုပ်တွေနဲ့ အချိန်မကုန်စေဘဲ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ထောင့် တစ်နေရာကနေ ငါဘာများလုပ်နိုင်မလဲဆိုသည့် ရဲရင့်တက်ကြွစိတ် ပေါ်ပေါက်လာစေတဲ့ (ဝီရရသ) မျိုး တိုးတက်ထွန်းကားသည့် နိုင်ငံအဖြစ်ကိုလည်း မြင်တွေ့ချင်လှပါပြီ။ဤသို့ဖြင့် ကျွန်တော်တို့ နိုင်ငံသည် ရက်စက်မှု (ရုဒ္ဒရသ)၊ ကြောက်ရွံ့မှု (ဘယာနကရသ)၊ မုန်းတီးမှု (ဝိဘစ္ဆရသ) များ တစ်စတစ် လျော့ပါးအားနည်းလာပြီး တိုင်းသူပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်းကြည်လင်စေမည့် ချစ်ခင်မှု (သိင်္ဂါရရသ)၊ ရယ်ရွှင်မှု (ဟာသရသ)၊ ကြင်နာမှု (ကရုဏာရသ) ရဲရင့်တက်ကြွမှု (ဝီရရသ)၊ တင်းတိမ်ရောင့်ရဲမှု (သန္တရသ) များ တစ်နေ့တစ်ခြား တိုးပွားများပြားလာသည့် ရသစုံ နိုင်ငံအဖြစ် ပေါ်ထွက်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ။










