ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သည့်အပေါ် ထုချေလွှာ တင်သွင်းခြင်း မရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအား အရည်အချင်း ပျက်ယွင်းကြောင်း အမိန့်ချ

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သည့်အပေါ် ထုချေလွှာ တင်သွင်းခြင်း မရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအား အရည်အချင်း ပျက်ယွင်းကြောင်း အမိန့်ချ
Published 2 February 2016
ဇေယျာထွန်း

ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သည့်အပေါ် ထုချေလွှာ တင်သွင်းခြင်း မရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များအနက် ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအား လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသည်ဟု ဖေဖော်ဝါရီ ၂ ရက် က အမိန့်ချမှတ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၅ ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ၃၂ ဦးရှိသည့်အနက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံးသို့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၁ ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ရှစ်ဦးတို့က ထုချေလွှာ တင်သွင်းခဲ့သည့်အတွက် ၎င်းတို့ကို ဆက်လက်စစ်ဆေးနေကြောင်း၊ ထုချေလွှာ တင်သွင်းရန် ပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၄ ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ၂၄ ဦးတို့အား ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက်တွင် အမိန့်ချမှတ်ရန် ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦးအား ချိန်းဆိုထားရာ လေးဦးက လာရောက်အစစ်ခံသည့်အတွက် ရုံးချိန်းအား ပြန်လည်ချိန်းဆိုလိုက်ပြီး မလာရောက်သည့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအား အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က မြို့နယ်မှာတင်ခဲ့တယ်။ မြို့နယ်က နောက်ကျလို့ ငွေစာရင်း မတင်တဲ့ အထဲမှာ ပါသွားတာ။ ဒါကြောင့် ဂုဏ်သိက္ခာအရ လာရှင်းတာပါ။ အခုတော့ ၂၃ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်”ဟု လာရောက် အစစ်ခံ တင်ပြသူ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောကြားသည်။

Most Read

Most Recent