ပြည်သူများ၏ အောင်ပွဲဟု ညွှန်းဆိုပြသည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် တိုင်းပြည်တိုးတက်ရေး အခက်အခဲ ဖြစ်စေသည့် ဥပဒေများကို ပြင်ဆင်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အရေးကြီးကြောင်း ဖမ်းဆီးခံကျောင်းသားများက ပြောကြားသည်။
ဖေဖော်ဝါရီ ၂ ရက်က သာယာဝတီမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည့် (၃၇) ကြိမ်မြောက်ရုံးချိန်း၌ လာမည့်အစိုးရလက်ထက်တွင် လွှတ်တော်အတွင်းမှ ပြုလုပ်ရမည့် ပြုပြင်ပြောင်းလဲရန် လိုအပ်မည့်အချက်များကို မေးမြန်းရာ ဖမ်းဆီးခံကျောင်းသားများက ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင်အစိုးရသစ် မဖွဲ့စည်းသေးသော်လည်း ဒီချုပ်ကိုယ်စားလှယ်အများစု ပါဝင်သည့် ဒုတိယအကြိမ်လွှတ်တော်ကို စတင်ခေါ်ယူနေပြီဖြစ်ပြီး လွှတ်တော်သည် တိုင်းပြည်၏ ဥပဒေရေးရာကို ပြင်ဆင်ရေးဆွဲမည် ဖြစ်သဖြင့် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း အခက်အခဲဖြစ်စေသည့် ဥပဒေများ၊ လူ့အခွင့်အရေး အနှောင့်အယှက် ပေးနေသည့် ဥပဒေများကို ပယ်ဖျက်၊ ပြင်ဆင်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အရေးကြီးကြောင်း ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ဆိုသည်။
၎င်းက “အခုလောလောဆယ် အစိုးရသစ်တော့ မဖွဲ့သေးဘူး။ လွှတ်တော်အသစ်တော့ စပြီးတည်လာပြီ။ လွှတ်တော်က ဥပဒေရးရာတွေကို ပြင်ဆင်ရေးဆွဲမယ့်အဖွဲ့ ဖြစ်တဲ့အတွက် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို အတားအဆီး အခက်အခဲဖြစ်နေတဲ့ ဥပဒေတွေ၊ နောက်လူ့အခွင့်အရေးကို အမြဲတမ်း အနှောင့်အယှက်ပေးနေတဲ့ ဥပဒေတွေကို ပယ်ဖျက်တာမျိုး၊ ပြင်ဆင်တာမျိုး လုပ်ဖို့က အဓိက အရေးကြီးပါတယ်။နောက်ပြီးတော့ အစိုးရ တက်လာတဲ့အခါမှာလည်း တကယ်ကို တိုင်းပြည်အတွက် အရေးကြီးတဲ့ ပြည်သူပြည်သားတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးဖို့လိုပါတယ်”ဟု ပြောကြားသည်။
ထို့အပြင် လာမည့်အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ မရှိစေရေးအတွက်လည်း ဆောင်ရွက်ရန် လိုအပ်သည်ဟု ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်က ပြောကြားသည်။
ကိုမင်းသွေးသစ်က “လာမယ့်အစိုးရသစ် လက်ထက်ကျရင် အဓိကအရေးကြီးတာက ငြိမ်းချမ်းရေးကိစ္စ၊ နောက်အရေးကြီးတာ အခြေခံဥပဒေမှာပါတဲ့ လူ့အခွင့်အရေးနဲ့မညီတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လည်း လိုအပ်တယ်။ နောက်တစ်ခုက လာမယ့်အစိုးရသစ် ငါးနှစ်တာကာလအတွင်းမှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက်မှ မရှိဖို့လည်း အရေးကြီးတယ်။ နိုင်ငံရေးအကျဉ်းသား ရှိနေတယ်ဆိုတာက ဒီမိုကရေစီစနစ် အစစ်အမှန် မဟုတ်သေးဘူးဆိုတဲ့ ပြယုဂ်ဖြစ်နေတယ်။ အဲဒီပြယုဂ်ကိုလည်း ဖျက်ပစ်ဖို့လိုတယ်။ ပြည်သူတွေက ရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ဖြေရှင်းပေးရပါလိမ့်မယ်”ဟု ဆိုသည်။
ထို့ပြင် ဆယ်စုနှစ်များစွာ ယိမ်းယိုင်နေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည့် တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ပြုပြင်တည့်မတ်ရန်အတွက် အခက်အခဲများရှိနေသော်လည်း တရားသူကြီးများကိုယ်တိုင် ဒီမိုကရေစီ အပြောင်းအလဲများကြား၌ လိုက်ပါစီးမျော ပြောင်းလဲရန် လိုအပ်သည်ဟု မဖြိုးဖြိုးအောင်က မှတ်ချက်ပြုသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျင့်သားရနေတဲ့ တရားစီရင်ရေးကဏ္ဍကြီးကို ဘယ်လိုပြုပြင် ပြောင်းလဲမလဲဆိုတာတော့ အခက်အခဲတွေရှိတယ်။ ဒါပေမဲ့ တရားသူကြီးတွေ ကိုယ်၌ကိုယ်ကလည်း ဒီမိုကရေစီ အပြောင်းအလဲကြားထဲမှာ မကျန်ခဲ့ဘဲနဲ့ လိုက်ပါပြုပြင်ပြောင်းလဲဖို့ လိုအပ်လိမ့်မယ်။ တရားသူကြီးတွေကြားထဲမှာလည်း တရားဥပဒေ စိုးမိုးရေးကိုကာကွယ်တဲ့ သူရဲကောင်း တရားသူကြီးတွေဖြစ်ဖို့ လိုအပ်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်” ဟု မဖြိုးဖြိုးအောင်က ဆိုသည်။
ဒီမိုကရေစီ ပညာရေးသပိတ်မှ ကျောင်းသားများနှင့် ဝန်းရံသူ ၇၀ ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး ၁၀ လကျော်ကြာ တရားရင်ဆိုင်နေရဆဲဖြစ်ကာ လက်ရှိတွင် တရားလိုပြသက်သေ ၄၀ ကျော်အနက် တစ်ဦးကို စစ်ဆေးနေဆဲဖြစ်သည်။ ယင်းသို့ တရားစွဲဆိုထားသည့်အပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄ အရ အမှုကို ရုပ်သိမ်းပေးခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
၎င်းက “ဒီအမှုနဲ့ပတ်သက်ရင် အကောင်းဆုံးသော တိုးတက်မယ့် လက္ခဏာကတော့ ဒီအမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄ အရ ဂုဏ်သိက္ခာရှိစွာ ပြန်ရုပ်သိမ်းတာက ပိုကောင်းမယ်။ အခုဟာက ဥပဒေနဲ့အညီဖွင့်တဲ့ အမှုမဟုတ်ဘဲနဲ့ ကျောင်းသားတွေက ရရှိတဲ့ ဒဏ်ရာတွေကိုလည်း လွတ်လွတ်လပ်လပ် ဆေးမကုနိုင်၊ အလုပ်ပျက်အကိုင်ပျက်နဲ့ မိဘတွေကလည်း စိတ်ဆင်းရဲကြီးစွာနဲ့ လာရတယ်။ အဲဒီလိုအခြေအနေမျိုးတွေကို ကုန်ဆုံးစေဖို့ဆိုရင် အစိုးရက ဒါကိုပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၉၄ အရ အမှုကိုရုပ်သိမ်းလို့ရတယ်” ဟု ပြောကြားသည်။
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံသူများကို (၃၇) ကြိမ်မြောက် ရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၂ ရက်က သာယာဝတီမြို့နယ် တရား ရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေအဖြစ် ယခင်အပတ်က စစ်ဆေးခဲ့သည့် ရဲအုပ်ကိုပင် ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်သူရွေးချယ်ခဲ့သည့် အစိုးရလက်ထက်တွင် တိုင်းပြည်တိုးတက်ရေး အခက်အခဲဖြစ်စေသည့် ဥပဒေများ ပြင်ဆင်ပယ်ဖျက်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်ဟု ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များ ပြောကြား















